Alcohol and Pregnancy အရက်နဲ့ ကိုယ်ဝန်

၁။ မင်္ဂလာပါဆရာ။ သမီးက အသက့် ပါဆရာ။့ ကိုယ်ဝန်လွယ်ထားတာ့ လနဲ့တပတ်ရှိပါပြီးဆရာ။ နှစ်သစ်ကူးညက ဝိုင် ၂ ခွက် သောက်မိပါတယ်။ အရမ်းအများကြီးတော့သောက်တာမဟုတ်ပါဘူးဆရာ။ နည်းနည်းတော့မူးသလိုခံစားရပြီး မနက်ကနေ့ ညထိခေါင်းတွေကိုက်ပါတယ်။ ည ၉ နာရီလောက်မှာ သန့်စင်ခန်းဝင်တော့ ကန်တော့ပါဆရာ မိန်းမကိုယ်က အရိအရွဲ အညိုအပုတ်တွေ အနည်းငယ်ဆင်းပါတယ်။ သမီး ကလေးလေး တခုခုဖြစ်မှာ အရမ်းစိုးရိမ်နေရပါတယ်။ ယောက်ျားနဲ့ အမေကိုလည်း မပြောပြရဲသေးဘူးဆရာ။ ဆရာကျေးဇူးပြုပြီး ပြန်ဖြေပေးပါနော်။ နှစ်သစ်မှာ ဆရာကျန်းမာချမ်းသာစွာနဲ့ အသက်ရာကျော်ရှည်ပါစေဆရာ။

အသက် စတာတွေ ပို့စ်မှာ ထည့်မရေးတော့ပါ။  အရင်ကလည်း မေးကြတယ်။ ကျွန်တော့်အမ အသက်ကနှစ်ဆယ် ကိုယ်ဝန်က သုံးလ သားဦးကိုယ်ဝန်ပါ။ Spy လို အရည်မျိုး သောက်ချင်နေလို့ တည့်လားမတည့်လား သိချင်လို့ပါ။ ဝိုင်တွေရော သောက်လို့ ရပါသလားဆရာ။ Alcohol ပါရင် ကိုယ်ဝန်ပျက်ကျနိုင်တယ် ပြောကြလို့ စိုးရိမ်လို့ပါ။ ဖြေကြားပေးပါခင်ဗျ။ လေးစားလျက်။

တမြန်နှစ်လောက်က မေးတယ်။ အမျိုးသမီးက ကလေးနို့တိုက်နေပါတယ်။ ကလေးမွေးပြီး နှစ်လလောက်မှာ ခွဲထားတဲ့အနာ ကျက်အောင်ဆိုပြီး ဝိုင်နီတစ်ခွက် ညစဉ်သောက်ဖြစ်ပါတယ်။ ဒါ့ပြင် ကျွန်တော် ဘီယာသောက်ရင် တခါတရံ သူလည်း အများဆုံးတခွက်သောက်ပါတယ်။ ဒီလိုသောက်မိတဲ့အတွက် ကလေးကို ဘာတွေများ ထိခိုက်သွားနိုင်ပါလဲဆရာ။ ယခု ဆရာ့စာဖတ်ပြီး လုံးဝမသောက်ရန် ဂရုစိုက်သွားပါပြီ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါခင်ဗျာ။ အမျိုးသမီးများ အရက် (သို့) ဘီယာကို ကိုယ်ဝန်ဆောင်ချိန်အတွင်း သောက်သုံးမယ်ဆိုရင် ဆိုးကျိုးရနိုင်ပါသလားဆရာ။

ကိုယ်ဝန်ဆောင်ရင် အရက်လုံးဝမသောက်ဘို့ ဆရာဝန်တိုင်းကနေ တိုက်တွန်း၊ တားမြစ်ပါတယ်။ အထဲကကလေးကို သက်ရောက်မှုတွေ ဖြစ်စေတယ်။ မွေးပြီးနောက်မှာ ကလေးဟာ ရေရှည်ခံစားရနိုင်တာတွေ ရှိလာနိုင်ပါတယ်။ ဆောရီး။

အရက် (ဝီစကီ၊ ဝိုင်၊ ဘီယာ၊ ရှန်ပန်း၊ ရမ်၊ ဗော်ဒ်ဂါ၊ အားလုံး) ကို ပါးစပ်ကနေသောက်လိုက်ရင် ခပ်မြန်မြန်နဲ့ သွေးထဲကို ရောက်တယ်။ ဗိုက်ထဲကကလေးသွေးထဲကို အချင်းကနေတဆင့်ကူးပြီး ရောက်သွားမယ်။ မိခင်လောင်း အရက်သောက်သလောက် အထဲကကလေးဆီရောက်ပါတယ်။ တခွက်သောက် တခွက်ရောက်လို့ပြောနိုင်တယ်။
သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်မယ်။ လူတွေအရက်သောက်လိုက်ရင် အရက်ထဲပါတဲ့ဓါတ်တွေကို ပြောင်းလဲပြစ်တယ်။ ကလေးမှာ အဲဒီဖြစ်စဉ်က အတော်ကြီးအချိန်ကြာတယ်။ အရက်ကို အသည်းနေ အဆိပ်အတောက်တွေဖယ်ပေးတယ်။ ကလေးအသည်းက ဘယ်လောက်မှ လုပ်နိုင်သေးတာမဟုတ်ပါ။ ဒီတော့ ကလေးသွေးထဲမှာ အရက်က ကြာကြာနေမယ်။ မူးနေတာကြာမယ်။

မိခင်လောင်းက အရက်ကို များများ၊ ကြာကြာသောက်ရင် သူကနေမွေးလာမဲ့ကလေးမှာ ဒါတွေဖြစ်လာနိုင်တယ်။
• အမူအယာနဲ့ စူးစိုက်မှုပြဿနာ၊
• မွေးရာပါ နှလုံးရောဂါ၊
• မျက်နှာပုံပန်းပြောင်းခြင်း၊
• သန္ဓေဘဝနဲ့ မွေးလာပြီးနောက်မှာ ဖွံ့ထွားမှု ထိခိုက်ခြင်း၊
• ကြွက်သားအားနည်း၊ ထိန်းညှိလုပ်ဆောင်မှုအားနည်းခြင်း၊
• တွေးခေါ်မှုနဲ့ စကားပြောထိခိုက်ခြင်း၊
• သင်ယူမှုထိခိုက်ခြင်း။

တသက်တာဖြစ်မယ်။ အပျော့အပြင်းတော့ မတူကြပါ။
• မျက်နှာတခြမ်းလေဖြတ်ခြင်း၊
• အချိန်စောမွေးခြင်း၊
• ကိုယ်ဝန်ပျက်ခြင်း (သို့) အသေမွေးခြင်း။

ဝိုင်၊ ရှန်ပိန်၊ ချောကလက် စတာတွေဟာ ကမ္ဘာမှာ အမြတ်အစွန်း အလွန်မတန်ကြီးမားတဲ့ စီးပွါးရေးလုပ်ငန်းကြီးတွေ ဖြစ်တယ်။ ငွေများတော့ ကြော်ငြာအားကြီးမားတယ်။ ဆေးပညာသုတေသနထဲအထိဝင်တယ်။ မနေ့က နောက်ဆုံးရ ဆေးသုတေသနသတင်းတခုထွက်တယ်။ အရင်ကထင်ခဲ့တဲ့ ဝိုင်နီနဲ့ ချောကလက်စားရင် လိင်စိတ်ကို နှိုးဆွပေးတယ် ဆိုတာ မဟုတ်ပါတဲ့။ ဒါမထွက်ခင်က အလွန်သည်းခြေကြိုက် ဆေးပညာသတင်းဖြစ်ခဲ့ပါတယ်။

နို့တိုက်မိခင် အရက်သောက်ရင် နို့ထဲကိုလဲ အရက်ဓါတ်ဝင်ပါတယ်။ အနည်း-အများတော့ နည်းနည်းစီကွာတယ်။ အရက် ဘယ်လောက်ဆိုရင် အန္တရာယ်ရှိသလဲ။ တိတိကျကျမပြောနိုင်ပါ။ များလေဆိုးလေဖြစ်ပါတယ်။ သတင်းတွေမှာ ဖြဲခြောက်ပြီးရေးကြတာတွေကို မကြိုက်ပါ။ မပျောက်နိုင်တာကို စိုးရိမ်စရာမလိုတော့ပါရေးနေကြတာကို မကြိုက်ပါ။

မိတ်ဆွေဆရာဝန် တယောက်က တင်ပေးထားတယ်။ မြန်မာအမျိုးသမီးတွေလည်း မြန်မာလို ခေတ်မီနေကြပါပေါ့လား။ အဲဒီဓါတ်ပုံထဲက အတိုင်းဆိုပါလားတဲ့။ အဲဒီပုံသုံးပြီးပို့စ်တင်တာ၊ ပုံထဲကအမျိုးသမီးတယောက်က ရန်တွေ့လို့ ချက်ချင်း ဖြုတ်လိုက်ပါ။ ဒါပေမယ့် အဲဒီပုံကို ဂူဂယ်မှာရှာရင် ခုထိတွေ့သေးတယ်။

ဒေါက်တာတင့်ဆွေ
၃-၆-၂ဝ၁၇
၁-၁-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး