Hepatitis B and Sweating အသဲရောင်ဘီ ချွေးကနေ ကူးနိုင်သလား

မင်္ဂလာပါဆရာ။ ကျွန်မ အသက်၂၈ အပျိုပါ။ Gym ကစားနေရာကနေ B ပိုးကူးနိုင်ခြေများပါသလား။ ကျွန်မ Gym ကစားချင်လို့ပါ။

ချွေး နဲ့ မျက်ရည်ကနေ HIV ကိုမကူးစေပါ၊ ဒါပေမဲ့ အသဲရောင်ဘီ ကူးစက်နိုင်သလားဆိုတဲ့ သတင်းတပုဒ် ၁-၃-၂ဝဝ၇ နေ့က ထွက်ပါတယ်။ အသဲရောင် (ဘီ) ပိုးဟာ ချွေးကနေလည်း ကူးစက်နိုင်တယ်လို့ ပါတယ်။ Contact sports ခေါ် ထိစပ်မှုရှိတဲ့အားကစားလုပ်သူတွေအချင်းချင်း ချွေးကနေကူးနိုင်တယ်လို့ ဖေါ်ပြထားပါတယ်။ အိုလန်ပစ် နပမ်းသမား ယောက်ျား အသက် ၁၈-၃ဝ အရွယ် ၇ဝ ကို စမ်းခဲ့တာပါ။

HIV ကတော့ မကူးစက်နိုင်တဲ့နည်းလမ်းတွေထဲမှာ ချွေးကိုလည်း ထည့်ထားတာ သတိပြုသင့်ပါတယ်။ ထိကိုင်၊ ပွေ့ဖက်ခြင်း၊ မီးဖိုချောင်သုံးပစ္စည်းတွေ၊ မျက်နှာသုတ်ပုဝါ၊ အိပ်ယာခင်း တွဲသုံးတာ၊ ချွေး နဲ့ မျက်ရည်၊ ရေကူးကန်၊ ရေနွေး၊ အပူငွေ့၊ အိမ်သာ အတူသုံးတာ၊ ချောင်းဆိုး၊ နှာချေတာတွေကနေ မကူးစက်နိုင်ပါ။

အသဲရောင်ဘီ ဗိုင်းရပ်စ်ဟာ သွေး နဲ့ သွေးပါနေနိုင်တဲ့ ကိုယ်ခန္ဓာအရည်ကနေတဆင့် ကူးစက်နိုင်တယ်။ နည်းလမ်းတွေကတော့
(၁) Sexual contact လိင်ကတဆင့်၊
(၂) Blood transfusions and transfusion with other human blood products သွေးနဲ့ သွေးထဲကတခုခုကို လှူခြင်း နဲ့ သွင်းခြင်း၊
(၃) Re-use of contaminated needles and syringes ဆေးထိုးအပ်နဲ့ ဆေးထိုးပိုက် ပြန်အသုံးပြုခြင်း၊
(၄) Vertical transmission from mother to child ကလေးမီးဖွါးနေစဉ် မိခင်ကနေ ကလေးကိုကူးခြင်းတို့ဖြစ်တယ်။

မိခင်လောင်းဟာ HBsAg အပေါင်း ဖြစ်နေပြီး ဆေးမကုဘဲနေရင် သူကနေ မွေးလာမဲ့ကလေးကို မွေးနေစဉ်ကူးနိုင်တဲ့ အခွင့်အလမ်း ၂ဝ% ရှိတယ်။ မိခင်လောင်းဟာ HBeAg အပေါင်းပြနေသူဆိုရင် မွေးလာမဲ့ကလေးကို မွေးနေစဉ်ကူးနိုင်တဲ့ အခွင့်အလမ်း ၉ဝ% ရှိတယ်။

အတူနေမိသားစုအတွင်းမှာ အရေပြားနဲ့ အရေပြားနုတွေမှာ မြင်ရတာ ဖြစ်ဖြစ် မမြင်ရတာဖြစ်ဖြစ် ထိခိုက်ဒဏ်ရာရတာ အနာအဆာ ရှိတာကနေတဆင့် ကူးစက်နိုင်သေးတယ်။ HBV ပိုးပါနေတဲ့ တံတွေး-သွားရည်ကနေလဲ အဲလိုရှိနေသူကို ကူးလာနိုင်တယ်။

ဒါပေမဲ့ Hepatitis B တွေနေတဲ့ လူကြီးတွေရဲ့ ၃ဝ% မှာ ဘယ်နည်းလမ်းကနေ ကူးလာခဲ့သလဲဆိုတာ မေးမြန်းစစ်ဆေးလို့ မရတာတွေ့ရတယ်။ (ဘီ) ပိုးကာကွယ်ဆေး စနစ်တကျ ထိုးတားရင် ပိုးရှိသူမိခင်ကနေ နို့တိုက်လို့ကူးတယ်ဆိုတာ မတွေ့ရသေးပါ။

ဒေါက်တာတင့်ဆွေ
၃ဝ-၄-၂ဝ၁၃
၁၈-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး