Vitamin E ဗီတာမင်အီး

၁။ ဆရာ ကျမအသက်က ၃၉ ပါ Evion 400 ကိုအမြဲစွဲသောက်သင့်ပါသလားရှင့် သိပါရစေ ဆရာ။

၂။ ဆရာရှင့် ဗီတာမင် e က ဒီအတိုင်းသောက်လို့ရပါသလား။ ဆိုကျိုးကောင်းကျိုးလေးသိပါရစေ။

၃။ ဆရာရှင့် ဗီတာမင်အီးအကြောင်းလေးလည်း ပြောပြပါဦးနော် ကျေးဇူးပါ။

မေးတဲ့သူတွေ အမျိုးသမီးလို့သိ။ တယောက်ကိုသာ အသက် သိ။ ရာသီ မသိ။ အိမ်ထောင်ရေး မသိ။ ဘာလို့ သောက်ချင်ကြသလဲ မသိ။ Evion 400 Capsule ဆိုတာ ဗီတာမင်အီးဖြစ်တယ်။

ဟိုတချိန်တုံးကပေါ့။ မန္တလေးဈေးချိုမှာ တိုးရစ်အတွဲတခုက ကျွန်တော်တို့အတွဲကို မေးလာတယ်။ ဖရုမားကက် ဘယ်မှာလဲတဲ့။ ဈေးချို အနောက်ဖက်တန်း၊ တောင်ဖက်ထိပ်ဟာ ရာသီအလိုက်ပေါတဲ့ အသီးအနှံတွေရောင်းတဲ့နေရာကို တတ်စွမ်းတဲ့ စပီကင်စကေးလ်နဲ့ လမ်းညွှန်လိုက်ပါတယ်။ ကျွန်တော်တို့ ရောက်နေကြတာက စီရုံမို့၊ တောင်ဖက်ကို ကိုက် ၅ဝ လောက် လျောက်ပါပေါ့။ ဗမာပီပီ သဘောကလည်း အပိုဆောင်းကောင်းလိုက်ပါသေးတယ်။ ဈေးတော့ ဆစ်နော်။

အရောင်အသွေးစုံလှတဲ့ အသီးအနှံတွေကိုမြင်ရင် ဆရာဝန့်မျက်စိနဲ့ဆို ဒါဟာ ဗီတာမင်တွေလို့သာ မြင်တတ်ပါတယ်။ ဗီတာမင်တွေဆိုတာ အသီးအနှံတွေကရတာလို့ ယေဘူယျပြောနိုင်တာကိုး။ အမှန်ကတော့ ဒီလိုပြောတာ အတိအကျတော့ မမှန်ပါ။ အသားငါးတွေကလဲ ရတာတွေရှိတယ်ခင်ဗျ။ ကကြီးကနေ အ၊ အေ-တူ-ဇက် ဒါမှမဟုတ် အေ-တူ-ဇိ။

ဗီတာမင်အီးဆိုတာ ဗမာစကားနဲ့ဆို ကြားလို့ သိပ်ကောင်းတာမဟုတ်ပေမဲ့ သူက ရှစ်မျိုးသောဓါတ်တွေပါတယ်။ ဗီတာမင်တွေကို အဆီမှာပျော်ဝင်တာနဲ့ ရေမှာပျော်ဝင်တာဆိုပြီး နှစ်မျိုးခွဲရာမှာ သူက အဆီမှာ ပျော်သတဲ့။ အေ နဲ့ ဒီ လိုပါဘဲ။ ဒါ့ကြောင့် ဆီထုတ်လို့ရတဲ့ အစားအစာတွေမှာ ပါတယ်။ အစေ့အဆံတွေ၊ အသီးအရွက်တွမှာ ပါပါတယ်။ မြေပဲ၊ ပဲပုတ်စိ၊ အလာမုန်း၊ သံလွင်ဆီ၊ သင်္ဘောသီး၊ မုံညင်းစိမ်း၊ မုံညင်းဖြူ၊ ခရမ်းချဉ်သီး တို့မှာလဲပါတယ်။ ဘရိုကိုလီ ခေါ် မုံလာပွင့်စိမ်း၊ ဟင်းနုနနွယ်ရွက်တွေမှာ ပါတယ်။ ရုပ်ရှင်ကြည့်ရင် နေကြာစေ့လှော်စားတာက အမှိုက်ရှုတ်ပြီး၊ နုတ်ခမ်းနီ ပျက်တတ်ပေမဲ့ ဗီတာမင်အီး ပါလို့ ကောင်းပါတယ်။

ဗီတာမင်အီး ကို Alpha-tocopherol; Gamma-tocopherol လို့လဲခေါ်တယ်။ ဗီတာမင်တွေထဲက အဆီမှာ ပျော်ဝင်တဲ့ အမျိုးအစားတခုဖြစ်တယ်။ ဟင်းသီးဟင်ရွက်ကရတဲ့ အဆီတွေ၊ အစေ့အဆံတွေ၊ အသားငါးဥတွေ၊ အသီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ဂျုံကထုတ်တဲ့ဆီတွေထဲမှာ ပါနေတယ်။ ဆေးအနေနဲ့လဲ ထုတ်လုပ်ပါတယ်။

ဗီတာမင်အီး နည်းတဲ့ရောဂါဆိုတာ အရှားသားပါ။ အဆီကို စုပ်ယူနိုင်စွမ်း မရှိတဲ့အခြေအနေ၊ မွေးစဉ်က ကိုယ်အလေးချိန် မပြည့်ရင်၊ အူမှာ ရောဂါတခုခုရှိရင် ဆိုတာလောက်သာ ဖြစ်နိုင်ပါတယ်။ သွေးကြောတွေ မာနေတာ၊ နှလုံးအတက်ရမှာ၊ သွေးတိုးတာတို့ဖြစ်တယ်။ ဆီးချိုအတွက်လဲ သုံးပါသေးတယ်။ အဆုပ်ကင်ဆာ၊ ခံတွင်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ သရက်ရွက်ကင်ဆာတွေမှာလဲ သုံးတယ်။

အဇာမိုင်ယာရောဂါ၊ ဒီမင်းရှားရောဂါ၊ ပါကင်ဆင်ရောဂါတွေ၊ ညအချိန်ကြွက်တက်တာ၊ Restless leg syndrome ခြေထောက်မငြိမ်ရောဂါ၊ ဝက်ရူးပြန်ရောဂါနဲ့ Huntingtons chorea ရောဂါတွေမှာလဲသက်တိုတဲ့ဆေးတွေနဲ့ တွဲပေးနိုင်ပါတယ်။ ကိုယ်ဝန်နောက်ပိုင်းလတွေမှာ ကိုယ်ဝန်သွေးဆိပ်တက်လို့ သွေးတိုးကြောင့် ဖြစ်လာတတ်တာတွေကို ကောင်းစေဘို့သုံးပါတယ်။ သွေးမဆုံးခင်ကလ ဖြစ်တတ်တာတွေ သက်သာဘို့လဲ ပေးတယ်။ ရာသီလာရင်နာတာ၊ သွေးဆုံးလက္ခဏာတွေ၊ ရင်သားကင်ဆာနဲ့ ရင်သာအကျိတ်တွေကြောင့်ဖြစ်ရတဲ့ မျက်နှာနီမြန်းခြင်းဖြစ်တာတွေအတွက်လဲ ပေးနိုင်ပါတယ်။

ကျောက်ကပ်ဆေးနေရလို့ဖြစ်တဲ့ဒဏ်တွေ၊ ဓါတ်ရောင်ခြည်ကင်တာသက်သာစေဘို့ Doxorubicin နဲ့ Amiodarone ဆေးတွေ သောက်နေရသူတွေမှာ ဘေးထွက်ဆိုကျိုးတွေ သက်သာအောင်လဲ ပေးတယ်။ ရုပ်ပိုင်းခံနိုင်စွမ်းကောင်းအောင်၊ ခွန်အားကြီးအောင်၊ လေ့ကျင့်ခန်း လုပ်ပြီးနောက် ကြွက်သားထိခိုက်တာ သက်သာအောင်တွေအတွက်လဲ သုံးနိုင်ပါတယ်။ မျက်စိအတွင်းတိမ်၊ ပန်းနာ၊ အသက်ရှူလမ်းပိုးဝင်တာ၊ အရေပြားနာတွေ၊ အသက်အရ အရေပြား ပြောင်းလဲတာ၊ နေလောင်တာ၊ Cystic fibrosis ရောဂါ၊ ကလေးမရနိုင်သေးခြင်း၊ ပန်းသေ-ပန်းညှိုး၊ နာတာရှည်အားနည်းခြင်း၊ လေနာရောဂါ၊ အလာဂျီဖြစ်တာတွေ။ ကင်ဆာဆေးကြောင့်ဖြစ်ရတဲ့ အရေပြားမှာဖြစ်တာတွေအတွက် လိမ်းပေးနိုင်တယ်။

ဗီတာမင်အီး တနေ့တာလိုအပ်ချက်
- ကလေး ၆ လအထိ = 4 mg/day
- ၇-၁၂ လအထိ = 5 mg/day
- ၁-၃ နှစ်အထိ = 6 mg/day
- ၄-၈ နှစ်အထိ = 7 mg/day
- ၉-၁၃ နှစ်အထိ = 11 mg/day
- ၁၄ နှစ်အထက် = 15 mg/day
- လူကြီးတွေ တနေ့မှာ 1,500 IU/day ထက်မပိုသင့်ပါ။ ဆေးအနေနဲ့ ဖြည့်စွက်သောက်ရင် တနေ့မှာ 1,000 IU/day ထက်မပိုသင့်ပါ။

အခုရေးတာတွေထက်ပိုပြီး ဆေးရောင်းတဲ့ ကုမ္ပဏီတွေက ကြော်ငြာတာတိုင်းတော့မယုံလေနဲ့။ တန်ဆေးလွန်ဘေး ဆိုသလို ဗီတာမင်အီး များရင်လဲ မကောင်းပြန်ဘူး။ တနေ့ကို ၁ဝဝဝ မီလီဂရမ်ထက် မပိုသင့်ဘူး။ အသက်ငယ်ရင် ငယ်သလို နည်းနည်းဘဲ လိုတာပါ။

ဗီတာမင်အီး ဘေးထွက်သက်ရောက်မှုများ = ဗိုက်အောင့်၊ အားနည်း၊ ဝမ်းပျက်၊ ဆီးထဲ ခရီယေတနင်းဓါတ်များ၊ အနာကျက်နှေးစေ။

ဗီတာမင်အီးနဲ့ပတ်သက်လို့ မသေချာသေးတာတွေရှိပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်နိုင်တယ်၊ ကင်ဆာအစာအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ ယောက်ျား ဆီးကျိတ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ စတာတွေကို ကောင်းစေတယ်၊ မျက်စိအတွင်းတိမ်အတွက် အကျိုးများစေတယ်ဆိုတာတွေက မသေချာတာတွေပါ။

သေချာတာကတော့ နေရာင်ထဲမှာပါတဲ့ အန္တရာယ်ပေးတတ်တဲ့ ခရမ်းလွန်ရောင်ခြည် ယူဗွီ-လိုက် ကို ကာကွယ်ရာမှာ သူက ကောင်းပါတယ်။ ဒါ့ကြောင့် သူ့ကို ကောင်းခြင်းငါးဖြာထဲက အသားအရေ၏ကောင်းခြင်းကို လိုချင်သူ အမျိုးသမီးများက သဘောကျကြတယ်။ ဝက်ခြံ၊ ရင်သားကင်ဆာ၊ ရင်သားအကျိတ်၊ သွေးဆုံးလက္ခဏာတွေ၊ ကိုယ်ဝန်ရှိချိန်မှာ သွေးတိုးတာ၊ မွေးလမ်းကြောင်း ရောင်တာတွေမှာလဲ ကောင်းစေပါသေးသတဲ့။

ဗီတာမင်အီးရော အေရောဟာ အသားအရေကို ကောင်းစေပါတယ်။ နှစ်မျိုးလုံးက အဆီမှာ ပျော်ဝင်တာမျိုးတွေမို့ ဆီရှားတဲ့အရပ်၊ ဆီမစားတတ်တဲ့ အကျင့်ရှိတဲ့အရပ်က လူတွေအတွက် သတိထားသင့်တယ်။ ဆီ-အဆီကို ရှောင်တိုင်း မကောင်းပါ။ မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ ကြက်ဆူဆီ မပါ ပေါလှတဲ့အရပ်က အညာသူ၊ အညာသားတွေဟာ ညိုချောတွေဖြစ်ကြတာ မဆန်းပါ။ ညိုချောဆိုတာ အသားရောင် ညိုပေမဲ့ ထိတွေ့တဲ့အခါ ချောမွေ့တာကို ဆိုတာပါ။

ဒေါက်တာတင့်ဆွေ
၁၉-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး