Menstruation (4) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၄)

ဆရာရှင့်သမီးကအသက် ၁၈ နှစ်အပျိုပါ။ ဓမ္မတာ က ၁ လ ၂ ကြိမ်လာနေလို့ ၁၅ ရက်ပဲခြားတယ်ဆရာရှင့်။ ၄ လ လောက်တော့ရှိပြီဆရာ။ ဗိုက်တော့အရမ်းမအောင့်ဘူးဆရာ။

ရာသီဆိုတာ မမှန်ဖြစ်တာများပါတယ်။ အပျိုဖြစ်စလတွေနဲ့ သွေးဆုံးကာနီးလတွေမှာ အဖြစ်များတယ်။ ရောဂါမဟုတ်ပါ။ ဆေးမလိုပါ။

ကြားရက် သွေးဆင်းတာကို ဖြစ်စေနိုင်တဲ့ အကြောင်းတွေ အများကြီးရှိတယ်။ မျိုးဥထွက်ချိန်၊ ကိုယ်ဝန်တား-စားဆေး၊ ကိုယ်ဝန်တား-ပစ္စည်း၊ လည်ပင်းကြီး-ဟော်မုန်းနဲတာ၊ သန္ဓေတည်ခါစ၊ ကိုယ်ဝန်ပျက်တာ၊ (အီစထိုဂျင်) ဟော်မုန်းဆေး ပေးနေသူ အစပိုင်းနဲ့ အဆုံးရက်တွေ၊ Endometriosis သားအိမ်ရောဂါ၊ သားအိမ်အလုံး၊ လိင်ကတဆင့် ကူးစက်ရောဂါတွေ၊ စိတ်ဖိအားများတာ၊ သွေးဆုံးခါနီး၊ သားအိမ်ဝမှာ အညှာပါ-အလုံးရှိတာ၊ Cervical erosion သားအိမ်ဝရောဂါ၊ ဗဂျိုင်းနာ၊ သားအိမ်၊ မျိုးဥအိမ်အလုံးရှိတာ၊ မွေးလမ်းထိခိုက်မိတာ၊ ဗဂျိုင်းနားထဲ ပစ္စည်းတခုခု ကျန်ရစ်တာ၊ ကင်ဆာ။

အများဆုံး ဖြစ်တာက မျိုးဥထွက်ချိန်မှာ သူဖြစ်လာရာအိတ် (ဖေါ်လီကယ်) ကနေ မျိုးဥပေါက်ထွက်ချိန်မှာဖြစ်တယ်။ ၂-၃ နာရီလောက်ကနေ ၁-၂ ရက်အထိ ကြာတတ်တယ်။ တချို့မှာ နာတာနဲ့ တွဲနေတယ်။ မျိုးဥထွက်ခါနီး (အီစထိုဂျင်) ဟော်မုန်း များ-နည်းရာကနေ သားအိမ် အတွင်းနံရံပါးလို့ ဆင်းတာပါ။ ဒါ့ကြောင့်ဆိုရင် Estrogen ပေးလို့ ပျောက်တယ်။ တခြားအကြောင်းတွေလဲ ရှိနိုင်တယ်။ (ပရိုဂျက်စတီရုန်း) ဟော်မုန်း နည်းနေရင် ရက်ကြာကြာ ဆင်းနိုင်တယ်။ အဲလို အမျိုးသမီးတွေဟာ ကလေးရဘို့ အခွင့်အလမ်းနဲပြီး ကိုယ်ဝန်လဲ ပျက်တတ်တယ်။ ကိုယ်ဝန်တားစားဆေးကြောင့် ဆိုရင် အစနဲ့အဆုံးမှာ ဆင်းတတ်တယ်။ များသောအားဖြင့် ဒီဆေးမျိုးကို သောက်ဘူးခါစ ပဌမလတွေမှာ ဖြစ်တယ်။ ဆေးသောက်ချိန် လွဲသွားရင်လည်းဖြစ်တတ်တယ်။

အရေးပေါ်ဆေးကုရာတာ ရှားတော့ရှားတယ်။ လိုအပ်ရင်တော့ ဆေးကုရမယ်။
သွေးဆင်းများသူ တချို့ကို Estrogen 25 mg IV ထိုးပေးရတယ်။ ဒါမှမဟုတ် စားဆေး 2.5 mg တနေ့ ၄ ကြိမ်ပေးမယ်။ သွေးရပ်သွားရင် Medroxy-progesterone 10 mg/d ကို ၇-၁ဝ ရက် ဆက်ပေးမယ်။
တချို့ကို အများဆုံးသုံးတဲ့ ဟော်မုန်းနှစ်မျိုးတွဲ ကိုယ်ဝန်တား စားဆေး ပေးတယ်။ ဆေးထဲမှာ 1-0.75 mg Norethindrone နဲ့ 0.035 mg Ethinylestradiol ပါတယ်။ တရက်မှာ ဆေး ၄ ပြား၊ ၇ ရက် ပေးတယ်။ ဒါမှမဟုတ် ၄ ပြား ၂ ရက်၊ ၃ ပြား ၂ ရက်၊ ၂ ပြား ၂ ရက်၊ ၁ ပြား ၂ ရက်နည်းနဲ့ ပေးတယ်။ Medroxyprogesterone (Provera) ခေါ်တဲ့ Progestin (Progesterone) ဟော်မုန်းဆေးပေနိုင်တယ်။ ဒီဆေးက မျိုးဥ ပုံမှန်ထွက်စေတဲ့ဆေး ဖြစ်တယ်။ 10 mg/day ကို ၁ဝ ရက်ပေးမယ်။ ဒါပေမဲ့ OG ကပေးမှသာ သောက်ပါ။ ဆေးရပ်လိုက်တော့ သွေးဆင်းတတ်လို့။ ကင်ဆာ မရှိတာ သေခြာမှလဲ ပေးရတယ်။ တချို့ကို D and C သားအိမ်ခြစ်ပေးရတယ်။

အရွယ်ရောက်စ မိန်းကလေးတွေနဲ့ သွေးဆုံးခါနီး အမျိုးသမီးတွေမှာ မျိုးဥအိမ်ကနေ မျိုးဥအထွက်ဘဲသွေးဆင်တာ ဖြစ်တတ်ကြတယ်။ အတူနေလည်း ကိုယ်ဝန်မရနိုင်တာမျိုး။ ကုသနည်းတွေကတော့ -
(၁) Estrogen 2.5 mg တနေ့ ၄ ကြိမ်ပေးပြီ၊ သွေးဆင်းတာရပ်ရင် Medroxyprogestrone 10 mg နေ့စဉ်၊ ၇-၁ဝ ရက်ပေးတယ်။ ဒါမှမဟုတ်
(၂) ကိုယ်ဝန်တားဆေး (Ethyl Estradiol 35 µg + Noresthindrone 1 mg) တနေ့မှာ ၄ ပြား၊ ၇ ရက်ပေးတယ်။ ဒါမှမဟုတ်
(၃) ကိုယ်ဝန်တားဆေး (Ethyl Estradiol 35 µg + Noresthindrone 1 mg) တနေ့ ၃ ပြား၊ ၂ ရက်၊ ဒိနောက်မှာ တနေ့ ၂ ပြား၊ ၂ ရက်၊ ဒိနောက်မှာ တနေ့ ၁ ပြား၊ ၂ ရက်ပေးတယ်။ ဒါမှမဟုတ်
(၄) Medroxyprogesterone 10 mg/day ၁ဝ ရက်ပေးတယ်။

ရာသီလာလို့ တအားနာနေရင် အနေရအထိုင်ရ မသက်သာသူတွေများတယ်။ တချို့မှာ ပျို့-အန်ချင်၊ ဝမ်းပျက်၊ ခေါင်းကိုက်၊ ခါးနာတာတွေလည်းဖြစ်တယ်။ စိတ်မူပြောင်းသူတွေလဲရှိတယ်။ ရာသီလာချိန်နာတာကို (စတီရွိုက်) မပါတဲ့ အကိုက်အခဲပျောက်ဆေးသောက်ရင် သက်သာတယ်။ သတိထားရမှာတွေကတော့ (အင်ဒိုမီထရီယိုးဆစ်) သားအိမ်ရောဂါ နဲ့ (ဖိုက်ဘရွိုက်) သားအိမ်အကျိတ်ရောဂါတွေ။ ဆေးစစ် ကုသရလိမ့်မယ်။

Menstruation (1) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၁)
Menstruation (2) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၂) နဲ့
Menstruation (3) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၃) တွေကိုလည်းဖတ်နိုင်ပါတယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး