Hepatitis B and Pregnancy ကိုယ်ဝန် နှင့် ဘီပိုး

မေးခွန် ၁ နဲ့ ၂ က အခုရတာတွေဖြစ်ပါတယ်။

၁။ ဆရာရှင့် သမီးအသက်က၂၆နှစ်ပါ။ ကိုယ်ဝန်၂၁ထဲမှာပါ။ ဆေးစစ်ကြည့်တာ ဘီပိုးသံသယရှိလို့ ထပ်စစ်ရမယ်ပြောပါတယ်။ အကယ်၍ ဘီပိုးရှိခဲ့ပါက ဆေးသောက်ရင်ပျောက်ပါသလား ကလေးကိုထိခိုက်နိုင်ပါသလားရှင်။ ကိုယ်ဝန်၂၁ ပတ်လို့ရေးတာပါ။ စာကျန်ခဲ့လို့ပါ။

၂။ ဒေါက်တာ ဘီပိုးရှိနေလို့ပါ။ ကိုယ်ဝန်ဆောင်ပါ။ ကလေးကိုဘယ်လိုကာကွယ်ရမလဲသိချင်ပါတယ်။

၃။ ဆရာရှင့် သမီး အသက်၂၄နှစ်ပါ ။ ခဏခဏမေးနေတဲ့သူပါ။ သမီး ကိုယ်ဝန် ၉လ ထဲမှာပါ။ သမီးအမျိုးသား မှာ B ပိုးရှိလို့ သမီးဆေးစစ်ခဲ့ပါတယ်။ ကာကွယ်ဆေးလဲ သုံးကြိမ်ထိုးခဲ့ပါတယ်။ ဆေးစစ်ခဲ့တဲ့ အဖြေလေး ဖြေပေးပါဆရာရှင့်။ ဆေးရုံ ရက်ချိန်းက ကြာနေလို့ပါဆရာရှင့်။ ကျေးဇူးပါဆရာရှင့်။

၎။ သမီးအသက် ၂၄ပါ။ သမီးကိုယ်ဝန်က ၉ လထဲမှာပါ။ သမီး ဆရာရေးပေးထားတဲ့ စာကို ဖတ်ရပါတယ်ဆရာရှင့်။ သမီး B ပိုးစစ်ထားတဲ့ အဖြေမှာ ဆရာရဲ့ဖြေကြားထားတဲ့ အဖြေမှာ B ပိုးရှိနေတယ်လို့ ရေးထားပါတယ် ဆရာရှင့်။ သမီး သိချင်တာက သမီး အသည်းနဲ့ ပတ်သက်ပြီးအသည်းဆရာဝန်နဲ့ ပြရမလားရှင့် ။ ပြီးတော့ သမီး မကြာခင်မွေးလာမဲ့ ကလေးလေးအတွက် ကာကွယ်ဆေးထိုးဖို့ လိုအပ်သလား ဆရာရှင့်။

၅။ ဆရာ ကျွန်မအသက် ၂၆နှစ်ပါ။ သားဦးကိုယ်ဝန်ကို လွယ်ထားရပါတယ်။ B ပိုးရှိလို့ ကလေးကိုမွေးမွေးချင်း ကာကွယ်ဆေး ၂ လုံးထိုးရမယ်တဲ့။ ကာကွယ်က ၁၀၀ အား ၂၀၀ အားရှိပါတယ်တဲ့။ ဘယ်လောက်အားကိုထိုးရမလဲ မသိလို့ပါ။ ကလေးဆရာဝန်ကို မေးတာလဲ ရေရေရာရာမဖြေပေးလို့ပါဆရာ။ ၁၀၀ အားနဲ့ ၂၀၀ အားက ဘာကွာပါသလဲဆရာ။ ဘယ်အားကို ထိုးပေးရင် အကောင်းဆုံးဖြစ်မလဲဆရာ။

၆။ ရန်ကုန်မှာနေပါတယ်။ အသက်က ၃ဝ ရှိပါပြီ။ ၂ဝဝ၈ ခုနှစ်က ရင်ဘက်မှာအကျိတ်ဖြစ်လို့ခွဲရမယ်ဆိုတော့ ဆေးစစ်တာ B ပိုးရှိပါနေပါတယ်။ အသည်းကလည်း အနာမြန်မြန်ကျတ်အောင်လုပ်ပေးတဲ့စနစ် အနည်းငယ် ပျက်စီး နေတယ်လို့ ပြောပါတယ်။ အနာက တခြားလူတပတ်နဲ့အနာကျတ်ရင် သမီးကတော့ သုံးပတ်လောက်ကြာမယ် ပြောပါတယ်။ အနာခွဲပြီး နောက် အသည်းဆေးသောက်ခိုင်းပါတယ်။ ဆေးသောက်နေရင်းက တော်တော် ပိန်လာပြီး မောမောနေတယ်။ ဆေးသောက်လည်း တချိန်သေမှာပဲ မသောက်လည်းသေမှာပဲဆိုပြီး မသောက်တော့ပါဘူး။ ဆေးမသောက်တော့တဲ့ အချိန်ကစပြီးနောက်ပိုင်း ဝလည်းဝလားတယ်။ နေလို့လည်း ကောင်းလာပါတယ်။ နောက်ထပ် ဆေးကတော့မစစ်ဖြစ်ပါဘူး။ ခုသမီး အိမ်ထောင်ကျတာ တစ်နှစ်ရှိပါပြီ။ ကလေးယူမလို့ ပါဆရာ။ ဘယ်လို ကုသမှု ခံယူရမလဲ သမီးသိချင်လို့ပါ။

၇။ သမီးကိုယ်ဝန် ၅လရှိပါပြီ၊၊ ၂ဝ၁၄ ခုနှစ် ၁ လပိုင်းမှာ သွေးစစ်တော့ ဘီပိုးရှိတာစသိပါတယ်။ အကောင်အရေအတွက်  ၅ဝဝ အောက်ပဲရှိလို့ ဘာဆေးမှမသောက်ရပါဘူး။ အခုကိုယ်ဝန်ရှိနေတော့ ကလေးကိုမကူးအောင် ဘာတွေလုပ်ရမလဲ။ နောက်ပြီး မွေးပြီးရင် နို့တိုက်လို့ရလားဆရာ။ ဘာတွေလုပ်ရမယ်ဆိုတာမသိလို့ညွှန်ကြားပေးပါအုန်းဆရာ။

ကိုယ်ဝန်ရှိရင် ဘီပိုး ရှိ-မရှိ စစ်ရပါမယ်။ ခင်ပွန်း၊ အဖေါ်ယောက်ျားမှာ ဘီပိုးရှိရင်၊ ကိုယ်က ဆေးရုံ-ဆေးခန်း-ဓါတ်ခွဲခန်း၊  ကျန်းမာရေးဌာနမှာအလုပ်လုပ်ရင် ဘီပိုး ရှိ-မရှိ စစ်ဘို့ သူများတွေထက်လိုတယ်။ ကိုယ်ဝန်ဆောင်နေတုံး မိခင်လောင်းမှာ ဘီပိုး ရှိနေတယ်ဆိုရင် ကလေးမွေးဖွါးနေတုံး ကလေးဆီကို ကူးစေနိုင်တယ်။ ကိုယ်ဝန်နုကာစ မိခင်လောင်းမှာ ဘီပိုးရင် ကလေးကို ကူးလာနိုင်ချေ ၁ဝ% ထက်နည်းတယ်။ ကိုယ်ဝန်ရင့်ပြီဆိုရင် ၉ဝ% အထိရှိနိုင်တယ်။ ကလေးကိုကူးရင်တော့ ဆိုးတယ်။ ရောဂါလက္ခဏာတွေ မခံစားရသေးပေမဲ့ ပိုးရှိနေပြီဖြစ်တဲ့ကလေးဟာ ၉ဝ% ဟာ ရောဂါပိုးသယ်ပို့ပေးနေသူ ဖြစ်နေမယ်။ ကလေးကြီးလာရင်လဲ ၂၅% ဟာ အသည်းခြောက်တာ၊ အသည်းကင်ဆာနဲ့ သေဆုံးနိုင်တယ်။

ဘယ်လိုနည်းနဲ့မွေးမလဲ
မွေးပေးမဲ့ ဆရာဝန်ကနေ မွေးခန်းကြိုတင်ပြင် ဆင်မှုတွေ အသေအခြာ လုပ်ပေးမယ်။ လိုအပ်တဲ့ ဆေးတွေ အဆင်သင့် ရှာထားမယ်။ ထိုးပေးမယ်။ အဲလိုမလုပ်ရင် မွေးလာမဲ့ကလေးကို ၅၉% ရောဂါကူးစက်လိမ့်မယ်။ နာတာရှည် အသည်းရောင် ဖြစ်စေမယ်။ ကိုယ်ဝန်ဆောင်နေစဉ်မှာ ကလေးကို ဘာမှမဖြစ်စေပါ။ ဗိုက်ခွဲမွေးဖွးရင် ကလေးကို ကူးစေနိုင်တဲ့ အခွင့်အလမ်းနည်းနေမယ်လို့ ယူဆကြသလို အခုနောက်ပိုင်းမှာ ဘယ်လိုနည်းနဲ့မွေးမွေး မထူးဘူးလို့လဲ ယူဆကြတယ်။ မွေးမွေးချင်းကလေးကို Hepatitis B vaccine ကာကွယ်ဆေး ပဌမအကြိမ် ထိုးပေးမယ်။ Hepatitis B Immune Globulin (HBIG) ဆေးလည်း ထိုးပေးမယ်။ အဲလိုဆေး ၂ မျိုးကို မွေးပြီး ၁၂ နာရီအတွင်းထိုးပေးနိုင်ရင် ကလေးကို ပိုးကူးဘို့ ၉ဝ% စိတ်ချနိုင်တယ်။ နောက် တလတိတိမှာ ဒုတယအကြိမ် နဲ့ ၆ လ အပြည့်မှာ တတိယအကြိမ် ကာကွယ်ဆေး ဆက်ထိုးဘို့ လိုတယ်။

ကလေးနို့တိုက်ခြင်း
မွေးမွေးချင်း ကလေးကို ကာကွယ်ဆေး ၂ မျိုးလုံးတိတိကျကထိုးပေထားရင် နို့တိုက်လို့လဲ ကလေးကိုကူးမှာကို ထူးပြီး စိုးရိမ်ရာမလိုပါ။ တချို့က အတိုက်မခိုင်းဘူး။ နို့မတိုက်ဘဲထားတာနဲ့ တိုက်တာတွေရဲ့ အဆိုး-အကောင်းတွေယှဉ်ရင် ကလေးကို နို့တိုက်သင့်တယ်လို့ ထောက်ခံအားပေးပါတယ်။

ကလေးမွေးပြီးတဲ့နောက်မှာ အသည်းရောင် (အေ) ကာကွယ်ဆေး ထိုးသင့်တယ်။ အရက်ရှောင်ရမယ်။ Acetaminophen (Tylenol)/Paracetamol (ပါရာစီတမော) ဆေးမသောက်ပါနဲ့။ သွေးမလှူပါနဲ့၊ တခြား ကိုယ်ခန္ဓာအစိတ်အပိုင်းလဲ မလှူပါနဲ့။ သွားတိုက်တံ၊ ရေဇာ၊ လက်သည်းညှပ်၊ သူများတွေနဲ့ တွဲမသုံးပါနဲ့၊ ဆေးရုံ၊ ဆရာဝန်တွေကို hepatitis B carrier ကိုယ့်ရောဂါရှိနေတာကို ပြောပြပါ။ အနည်းဆုံး တနှစ်တခါ ဆရာဝန်ပြပါ။ ကိုယ့်မိသားစု၊ ယောက်ျား၊ ဇနီး အတူနေတွေကို ရှင်းပြပါ။ HBsAg test positive ဖြစ်သူဟာ အသည်းအခြေအနေသိရအောင် Liver function testing ပါလုပ်ပါ။

HBV ဘီပိုး ကူးစက်ခံရသူရဲ့ သွေးထဲမှာ အများဆုံးစုနေပြီး၊ တံတွေး၊ သုတ်ရည်၊ ဗဂျိုင်းနာအရည် နဲ့ အနာအဆာကနေ ထွက်တဲ့ အရည်တွေထဲမှာ နည်းနည်းသာတွေ့ရတယ်။ ဒီ ဗိုင်းရပ်စ်ပိုးဟာ အခန်းတွင်းအပူချိန်မှာ ၇ ရက်အထိလောက် ရှင်နေနိုင်တယ်။ ပိုးဝင်ခံတဲ့နောက် ရက်ပေါင်း ၉ဝ ကနေ ၆ လအတွင်း လက္ခဏာပြမယ်။ ရက်တိုပိုးဝင် အစားအသောက် ပျက်မယ်၊ ပျို့ချင် အန်ချင်မယ်၊ ကိုယ်ပူမယ်၊ ဗိုက်နာမယ်၊ အသားဝါမယ်။ ဆီးဝါမယ်။ ဝမ်းအရောင် ပျော့မယ်။ ဘူတဝက်လောက်မှာတော့ ရောဂါလက္ခဏာ မပြတတ်ဘူး။ ၁% လောက်ကတော့ သိပ်ဆိုးနိုင်တယ်။ ရက်တိုဖြစ်တဲ့သူတွေဟာ ကလေးငယ်လေးတွေဆိုရင် ၉ဝ% နာတာရှည်ဖြစ်မယ်။ ၅ နှစ်အောက်ကလေး ၃ဝ% နာတာရှည် ဖြစ်မယ်။ လူကြီးဆိုရင် ၂-၆% နာတာရှည်ဖြစ်မယ်။ မိခင်မှာ ဘီပိုးရှိနေပေမဲ့ မွေးလာတဲ့ကလေးမှာ မွေးရာပါ ချို့ယွင်းတာ မဖြစ်ပါ။ ကိုယ်အလေးချိန် နည်းတာ မပြည့်တာတော့ ဖြစ်နိုင်တယ်။

ကိုယ်ဝန်လာအပ်ရင် ဘီပိုးရှိ-မရှိ သွေးစစ်တာကို (HBsAg) ခေါ်တယ်။ သံသယရှိသူအားလုံး၊ ဥပမာ မိသားစုဝင်တွေ၊ ဇနီး-ခင်ပွန်း-အဖေါ်တွေကို (HBsAg, antiHBc, antiHBs) တွေစစ်ရမယ်။
• HBsAg = negative, anti-HBc = negative, anti-HBs = negative ဖြစ်နေသူဆိုတာ၊ ကောင်းတယ်။ ဒါပေမဲ့ တချိန်မှာ ကူးမလားဘူးမပြောနိုင်ဘူး။ ရောဂါ မပြီးသူဖြစ်တယ်။
• HBsAg = negative, anti-HBc = positive, anti-HBs = positive ဖြစ်နေသူဆိုတာ၊ ပိုကောင်းတယ်။ သူဟာ မသိမသာပိုးအဝင်ခံထားရာကနေ သဘာဝအရ ရောဂါပြီးနေတယ်။
• HBsAg = negative, anti-HBc = negative, anti-HBs = positive ဖြစ်သူဟာ ဘီပိုး ကာကွယ်ဆေးထိုးထာလို့ ရောဂါပြီးနေသူ ဖြစ်တယ်။
• HBsAg = positive, anti-HBc = positive, IgM anti-HBc = positive, anti-HBs = negative ဆိုသူဟာ acutely infected လောလောလတ်လတ် ပိုးဝင်တာခံနေရသူဖြစ်တယ်။
• HBsAg = positive, anti-HBc = positive, IgM anti-HBc = negative, anti-HBs = negative ဆိုသူဟာ chronically infected နာတာရှည်ပိုးဝင်နေသူဖြစ်တယ်။
• HBsAg ရှိနေတယ်ဆိုတာ ပိုးလတ်တလောအဝင်ခံရသူဖြစ်တယ်။ ၃-၅ ပါတ်မတိုင်ခင်က ဝင်ခဲ့သူဖြစ်မယ်။ ပိုးဝင်ပြီး နလံထရင် (၃-၄ လ ကြာရင်) ဒါကို မတွေ့တော့ဘူး။ အဲဒီအချိန်မှာ anti-HBs တွေ့လာမယ်။
• HBsAg positive ဖြစ်ပြီး၊ IgM anti-HBc မတွေ့သူဆိုတာ နာတာရှည်ပိုးဝင်နေသူဖြစ်တယ်။
• HBsAg = negative, anti-HBc = positive, anti-HBs = negative ဆိုဟာ (၄) မျိုးဖြစ်နိုင်တယ်။
၁။ ရက်တိုရာကနေ နလံထလာသူ၊
၂။ ရောဂါကိုပြီးပေမဲ့ စမ်းသပ်တဲ့အခါမှာ သွေးထဲမှာ နည်းနေသူ၊
၃။ အပေါင်းပြတာ မမှန်လို့ ရောဂါပိုးဝင်တာခံရနိုင်သူ၊
၎။ သွေးစစ်တာမှာ နည်းလွန်းလို့ မပြပေမဲ့ သူများကို ကူးစေနိုင်သူ။

ကာကွယ်ဆေး
Recombivax HB နဲ့ Engerix-B ၂ မျိုး သုံးတယ်။ ကိုယ်ဝန်ဆောင်နေလဲထိုးနိုင်တယ်။ ကလေးတွေကို 0.5 ml ထိုးတယ်။ အသက် ၂ဝ အထက်ကို 1.0 mL IM ထိုးတယ်။ ရက်တိုပိုးရှိသူနဲ့ လိင်ဆက်ဆံရင် ၁၄ ရက်အတွင်းမှာ HBV vaccine ထိုးပါ။ စုစုပေါင်း ၃ ခါထိုးရမယ်။ ချက်ချင်း၊ နောက် ၁ လ၊ ဒိနောက် ၅ လ။ နောက်ပြီး Hepatitis B immune globulin (HBIG) 0.06 mL/kg IM ကိုလည်း တင်ပါး၊ လက်မောင်းမှာထိုးပါ။ အရေပြား၊ အရေပြားနုရဲ့အပေါက်အပြဲ၊ ဒဏ်ရာကနေ ဝင်တာဆိုရင် HBIG ကို နောက် တလနေရင် တခါထပ်ထိုးပါ။ နာတာရှည်ပိုးရှိနေသူကနေ (လိင်ဆက်ဆံတာဖြစ်ဖြစ်၊ အပ်-သွေးကြောင့်ဖြစ်ဖြစ်) ကာကွယ်ဘို့ hepatitis B vaccine တမျိုးထဲသာ လိုတယ်။ ရက်တိုပိုးဝင်ခံရသူကို ရောဂါဆေးရယ်လို ပေးစရာမလိုပါ။ အထောက်အကူပြုကုသမှုသာ လိုတယ်။ သိပ်ဆိုးသူကိုတော့ ဆေးရုံတင်ရမယ်။ နာတာရှည်ပိုးဝင်သူကို alpha-interferon ဒါမှမဟုတ် Lamivudine ဆေးပေးမယ်။ ကိုယ်ဝန်ဆောင်ကို ဒီဆေး ပေးနိုင်တယ်၊ မပေးသင့်ဘူး၊ အတိအကျ ပြောမရပါ။

Hepatitis B and Pregnancy ကိုယ်ဝန် နှင့် ဘီပိုး http://doctortintswe.blogspot.com/2014/11/pregnancy-and-hepatitis-b.html
Hepatitis B prevention အသည်းရောင်ဘီ ကာကွယ်နည်း https://doctortintswe.blogspot.com/2016/03/hepatitis-b-prevention.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး