Papaya During Pregnancy သင်္ဘောသီးနဲ့ ကိုယ်ဝန် မေးခွန်း

အခုလာတဲ့မေးခွန်း။ မင်္ဂလာပါ ဆရာရှင့်။ ကိုယ်ဝန် ၁ဝ ပါတ်ပါ။ ကိုယ်ဝန်ဆောင် အသီးအရွက်အစိမ်းမစားရဘူးလို့ သိထားပါတယ်ရှင့်။ ကျွန်မ ငါးဖယ်အစာသွပ်နဲ့မှ ထမင်းစားရပါတယ်။ တည့်မတည့်ပြောပြပေးပါဆရာရှင့်။ ဂေါ်ဖီနဲ့လုပ်တဲ့အစာသွပ်ပါရှင်။

ကိုယ်ဝန်မှာ လူအများစားသောက်တာနဲ့ ကိုယ်အရင်က စားဖူးတာတွေကို စားနိုင်။ အစိမ်းစားတာတော့ ကိုယ်ဝန်မရှိလည်း သတိထားရတယ်။ စောစောကပဲ ကိုယ်ဝန်ပျက်သူက ခေါင်းလျှော်ရ မရ မေးတယ်။ နေ့စဉ် မျက်နှာသစ်၊ သွားတိုက်၊ ရေချိုးကြတာ ကလေး-လူကြီး၊ ယောက်ျား-မိန်းမအားလုံး လုပ်ကြရတယ်။ အရင်ကလည်း အဲလိုဟာတွေမေးကြတယ်။ နမူနာသာထည့်ပါတယ်။

၁။ ဆရာရှင့် ကျမအသက် ၂၉နှစ်ပါရှင့်။ ကလေးမွေးထားတာ ၁၈ရက်ပဲရှိပါသေးတယ်။ ကလေးမွေးပြီး ဆယ်ရက်လောက်ကတည်းက အဝတ်လျှော်မီးပူတိုက် လုပ်ရပါတယ်။ ကူလုပ်ပေးမယ့်သူလည်းမရှိသလို အဝတ်လျှော်လည်း မအပ်နိုင်လို့ပါ။ အဲ့ဒါအိမ်နားကလူတွေက မီးယပ်ကျိုးမယ်လို့ပြောတယ်ဆရာ။ မီးယပ်ကျိုးတယ်ဆိုတာ ဘာကိုပြောတာပါလဲဆရာ။ ခုလောလောဆယ်တော့ ခြေဖဝါးတွေကော လက်ဆစ်တွေကောကိုက်နေလို့ပါ။ သူတို့ပြောသလို မီးယပ်ကျိုးတာများလားဆရာ။ ပြီးတော့ အမေကခေါင်းပေါင်းမပေါင်းရင် ကလေးနှာဆေးတတ်တယ် ဆိုတာ ဟုတ်ပါသလားဆရာ။ ကျမ ခေါင်းလည်းမပေါင်းဖြစ်လို့ပါဆရာ။ သားသားလေးက နှာခေါင်းပိတ်ပြီး ချွဲထနေလို့ အဲ့ဒါကောဘာဆေးတိုက်ရမလဲဆရာ။ ကျေးဇူးပြု၍ဖြေပေးပါအုံးရှင့် ကျေးဇူးတင်ပါတယ်ဆရာ။

၂။ မင်္ဂလာပါဆရာ ကျွန်မအသက် ၂၉ နှစ်ရှိပါပြီ။ ဒုတိယသားလေးမွေးထားတာ ၁၀ရက်ရှိပါပြီ။ အရင်သားဦးလေးတုန်းက အမေက ၄၅ ရက်လာကြည့်ပေးပါတယ်ဆရာ။ ခုကလေးမွေးတော့ ကြည့်ပေးမယ့်လူကြီးမရှိတော့ ဆေးရုံဆင်းကတည်းက ကိုယ်တိုင်အဝတ်လျှော် ဟင်းချက်ပါတယ်ဆရာ။ တချို့တွေက မီးတွင်းထဲ ဆပ်ပြာကိုင်မကိုင်ရဘူး အဆစ်အမြစ် ကိုက်တတ်တယ်ပြောတယ်ဆရာ။ တချို့ကလဲ လုပ်လို့ရတယ်ပြောတယ်ဆရာ။ အကျိုးအပြစ်သိချင်ပါတယ်။

၃။ မင်္ဂလာပါဆရာ ကလေးမီးဖွားထားသည့် မိခင်တွေက ဆပ်ပြာတလလောက်မသုံးရဘူးဆိုတာ ဟုတ်ပါသလား။ လူကြီးတွေက ဆပ်ပြာမသုံးရဘူး ပြောပြောနေလို့ပါ ရှင်းပြပေးစေလိုပါတယ်ရှင့် ကျေးဇူးပါဆရာ။

၎။ ဆရာ ကျွန်မအသက် ၃၂ နှစ်။ ဒုတိယကိုယ်ဝန် ၆ လရှိပါပြီ။ ကလေးမွေးပြီး ဘယ်နှစ်ရက်ကြာရင် ခေါင်းလျှော်လို့ ရပါလဲဆရာ။ ပထမကလေးမွေးပြီးတုံးကတော့ လူကြီးတွေက တလနေရမယ်ဆိုလို့ တော်တော့်ကို စိတ်ညစ်စွာ သည်းခံပြီး နေခဲ့ရပါတယ်။ ရေတော့ဆေးရုံကအိမ်ပြန်ရောက်တာနဲ့ပုံမှန်ချိုးပါတယ်ဆရာ။ ကျွန်မခွဲမွေးတာပါ။ ခုကိုယ်ဝန်လဲ ခွဲမွေးမှာပါ။ မီးတွင်းဘယ်နှစ်ရက်ဆို ခေါင်းလျှော်ဖို့သင့်တော်မလဲဆိုတာပြောပြပေးပါဆရာ။ ကျေးဇူးပါဆရာ။

၅။ မင်္ဂလာညချမ်းပါဆရာ။ သမီးသိချင်တာလေးမေးပါရစေ။ လူကြီးမိဘတွေကပြောတတ်ကြတဲ့ ကိုယ်ဝန်ဆောင် နေစောင်းရင်ရေမချိုးရဘူးဆိုတာ ဟုတ်ပါသလားဆရာ။ မီးဖွားရင်ရေပါတယ်ပြောပါတယ်။ အမှန်လားဆရာ။

၆။ ဆရာ မီးနေသည် ဝက်သားမစားရဘူးဆိုတာ ဟုတ်ပါသလားရှင်။ အိမ်ကလူကြီးတွေက မစားနဲ့ဆိုလို့ပါ။ ဘာများ ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ပါသလည်းရှင်။

၇။ ဆရာရှင့် မြန်မာနည်းရှေးစွဲအရ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေဟာ မမွေးခင် လေဆေးကို သောက်ကြပါတယ်။ သောက်ခိုင်းကြပါတယ်။ ကလေးလေပါရင် မိခင်များအနည်းငယ်ဒုက္ခရောက်ကြတယ်ပြောကြပါတယ်။ လေဆေး သောက်ခြင်း မသောက်ခြင်းသည် ကလေးတွင် လေပါခြင်း မပါခြင်းနဲ့ ဆက်စပ်ပါလားဆရာ။ ရိုးရိုးမွေးလျှင် သောက်ဖို့ လိုအပ်ပြီး ခွဲမွေးလျှင် မလိုအပ်ပါဆိုတာ ဟုတ်ပါသလားဆရာ။ လေဆေးသောက်ပါက ကလေးတွင် အသားဝါပါလာနိုင်ချေ များတယ်ဆိုတာ ဟုတ်ပါလားဆရာ။ ကျေးဇူးတင်ပါတယ် ဆရာရှင့်။

၈။ Dr ရှင့် ကျေးဇူးပြုပြီး Postpartum အကြောင်း၊ မီးနေသည် ရှောင်ရန်ဆောင်ရန်နှင့် မြန်မာပြည်က မလိုလားအပ်တဲ့ အယူသည်း မီးနေသည်အကြောင်းလေး ရေးပေးပါရှင်။ အပြင်မထွက်ရတို့ အဝတ်အစား ထူနေအောင် ဝတ်ရတာတို့ စာမဖတ်ရတို့ တချိန်လုံး အခန်းထဲပဲအောင်းရတာတို့ စသဖြင့် မလိုအပ်တဲ့အကြောင်းလေး တောင်းဆိုပါတယ်ရှင်။

၉။ ဆရာရှင့် ကျမမှာ ၂ နှစ် ၅ လ အရွယ်သမီးရှိပါတယ်။ သူက အိပ်ချိန်တိုင်း နို့စို့ပြီးမှ အိပ်တတ်ပါတယ်။ ကျမ မေးချင်တာက ကျမက မနက်ဆို သံလွင်ဆီစိမ်ထားတဲ့ နနွင်းမှုန့်သောက်ပါတယ်။ နေ့လည်ထမင်းစားပြီးရင် သံပုရာရည် ရေနွေးစိမ် သောက်ပါတယ်။ အဲဒါ ကလေးကိုထိခိုက်နိုင်လား အကျိုးသက်ရောက်မှု ရှိလားလည်း သိချင်ပါတယ်။

အရပ်နည်းတွေမှာ ဆေးသုတေသန မရှိပါ။ ဆောရီး။ ကိုယ်ဝန်ဆောင်နဲ့ မီးတွင်းမှာ ကျန်းမာရေးအယူအဆအမှားတွေ နေရာတိုင်းမှာရှိပါတယ်။ မေးခွန်းမှာပါတဲ့လေဆေးဆိုတာ ဘာလည်း။ ရောင်းနေတဲ့လေဆေးဆိုတာအားလုံးက တူကြပါသလား။ အဲလိုဆေး သူများတိုင်းပြည်မှာမရှိပါ။ မြန်မာပြည်က အမျိုးသမီးတွေသာ ကိုယ်ဝန်ဆောင်နေရတာ မဟုတ်ပါ။ မြန်မာပြည်မှာလူဦးရေ သန်း ၅ဝ ရှိတယ်။ တကမ္ဘာလုံးမှာ သန်း ၇ ထောင်ရှိတယ်။ ဗမာဆေးမမြင်ဘူးတဲ့ လူဦးရေတွက်ကြည့်ပါ။

နာနတ်သီး၊ သင်္ဘောသီး၊ တယ်သီး စတာတွေမေးကြတယ်။ ကိုယ်ဝန်ပျက်စေတဲ့အကြောင်းရင် စာရင်အရှည်ကြီးထဲမှာ အဲလို အသီးအနှံတွေမပါ။

၁။ ကိုယ်ဝန်ရှိလာရင် အားအင်တွေတိုးလာတာဖြစ်တယ်လို့ ထင်မှတ်တယ်။ တကယ်တော့ အခက်အခဲတွေ အဆင့်ဆင့် ဖြတ်ကျော်ရပါမယ်။ တချို့မှာ အားအင် ဆုတ်ယုတ်ကြတယ်။ မောပန်းကြတယ်။ တချိန်လုံးပျို့အန်ချင်နေတတ်တယ်။

၂။ စိုးရိမ်စိတ်ကဲလွန်တတ်ကြတယ်။ စိုးရိမ်စရာရှိတော့ မှန်ပါတယ်။ ဒါပေမယ့် မလွန်ကဲသင့်ပါ။ တချို့ကို စနစ်တကျ ကိုယ်ဝန်အပ်တာ၊ စစ်ဆေးတာတွေ မလွဲမသွေ လိုအပ်ပါတယ်။ တချို့ကတော့ ဆရာဝန်မပြောနဲ့ သားဖွါးဆရာမနဲ့တောင် မတွေ့ရပဲ အကောင်းမွေးပါတယ်။

၃။ မွေးဖွါးလို့နာကျင်မှုဆိုတာ ဓမ္မတာမို့ ဘာမှအကူအညီလုပ်ပေးနေစရာမလိုဘူး ယူဆကြတယ်။ တကယ်တော့ အဲလိုမဟုတ်ပါ။ မွေးဖွါးတဲ့အခါ မနာစေအောင် Epidural ခေါ် ခါးထုံဆေးနည်းကို လိုချင်သူက တောင်းဆိုနိုင်ပါတယ်။

၎။ ကလေးကို သဘာဝနည်းအတိုင်းမွေးတာ မလျှော်ဘူးလို့ထင်ကြသူတွေရှိတယ်။ အဲလိုလုပ်တာ တောကျတယ်လို့ ပြောသူတွေလည်းရှိတယ်။ အမှန်က အနာသက်သာစေအောင်လိုချင်လိုမယ်။ အမွေးမြန်အောင် လိုချင်လိုမယ်။ ရိုးရိုးမွေးမရလို့ ဆန်းဆန်းမွေးရတာကလွဲရင် သဘာဝနည်းထက်ကောင်းတာ မရှိပါ။

၅။ မွေးပြီးတာနဲ့ ကလေးအမေဘဝရောက်တော့မယ်လို့ အကောင်းမြင်လွန်းသူတချို့လည်းရှိတယ်။ အဲလိုဘဝကို တန်းရောက်သူတွေရှိသလို အချိန်ယူပြီးမှသာ ကိုယ့်ကိုယ်ကို ကလေးအမေလို့သိလာသူတွေလည်းရှိတယ်။

၆။ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိသူတိုင်း ဘယ်အရာမဆို ရင်ဆိုင်ကိုင်တွယ်ကျော်လွှားနိုင်မယ်လို့ မှတ်ထင်ထားတတ်ကြတယ်။ အမြဲတမ်းတော့ အဲလိုမရနိုင်ပါ။ ယဉ်ကျေးမှုတွေက မတူကြပါ။ လွန်ကဲတာတွေကို တဖြေးဖြေးပြင်ယူကြရတယ်။

၇။ နို့အလိုလိုထွက်လာမယ်။ အများစုမှာမှန်ပေမယ့် လူတိုင်းတော့ အဲလိုမဟုတ်ပါ။ ကလေးကို ချက်ချင်းနို့မတိုက်နိုင်တဲ့ အခြေအနေမှာ နို့ထွက်တာနောက်ကျမယ်။ အတော်ကြိုးစားယူရတာရှိတတ်တယ်။ လက်လျှော့လိုက်ရာအထိ ရှိတတ်တယ်။

၈။ မီးတွင်းကာလစိတ်မူပြောင်းကာ ကလေးကိုထိခိုက်မယ်။ ထင်တတ်တယ်။ အမြဲမမှန်ပါ။

၉။ မွေးပြီးရင် အိပ်ရေးပျက်မယ်။ လူတိုင်းမှာ အဲလိုမဟုတ်ပါ။

၁ဝ။ ကိုယ့်ကလေးကိုချစ်တဲ့မိခင်တိုင်းဟာ ချစ်ရမယ့်တာဝန်ကိုလည်းချစ်တယ်။ လူတိုင်းမှာအဲလိုမရှိပါ။

၁၁။ ဘယ်သူကမှ ငါ့ကိုနားမလည်ကြဘူး။ အဲလိုထင်သူရှိတယ်။ အဲတာ အမြဲမမှန်ပါ။

၁၂။ Baby Blues ဝမ်းနည်းစိတ်ဖြစ်ခြင်းနဲ့ မီးတွင်းစိတ်ဓါတ်ကျခြင်း။ ဒီနှစ်မျိုးကမတူပါ။ ကလေးမွေးပြီးစ ဝမ်းနည်းစိတ်က ယာယီသာဖြစ်တယ်။ ၈၅% ဖြစ်တတ်တယ်။ ၂-၃ ပါတ်နေရင်ပုံမှန်ရောက်တယ်။ မီးတွင်းစိတ်ဓါတ်ကျတာက ၁၅-၂ဝ% ဖြစ်တယ်။ ကြာနေနိုင်တယ်။ ဆေးကုသမှုလိုမယ်။

ဒီအချက်တွေက သူများတိုင်းပြည်တွေမှာရှိတဲ့ အယူအဆအလွဲတွေဖြစ်ပါတယ်။ မြန်မာပြည်မှာရှိတာတွေက ပိုများတယ်။ ဆပ်ပြာမသုံးရဆိုတာ မြန်မာပြည်မှာသာ ပြောကြတယ်။ သူများနိုင်ငံတွေမှာ တကိုယ်ရေသန့်ရှင်းရေး အရေးကြီးတယ်လို့ ပြောပါတယ်။ ကိုယ်ဝန်နဲ့ မွေးပြီးစမှာ အစားအသောက်စားတာ အပျိုတုန်းကနဲ့ ကွာခြားတာ မရှိသလောက်ပါ။ ပိုစားရတာတွေ ရှိလာမယ်။ အပူအစပ်လို့ပြောတာတော့ ရှောင်နိုင်ရှောင်ပေါ့။ အသား-ငါး-ဥ ရှောင်ရတာ မရှိပါ။ အသီးအရွက်၊ အသီးအနှံတွေကို ပိုတောင်စားပေးရတယ်။ ရှေးလူကြီးမှာ အဲလိုအလွဲတွေရှိသလို ခေတ်လူတွေ ပြောတာတွေထဲမှာလည်း မလုပ်သင့်တာတွေ ရှိတယ်။ ကိုယ်ဝန်ဆောင်အတွက်ကောင်းပါတယ်ဆိုတဲ့ ဆေးကြော်ငြာတွေ ဖြစ်တယ်။ ကျန်းမာရေးဟာ နိုင်ငံရေးလိုပဲ အင်မတန်ငွေအတွက်လုပ်ကြတာ အလွန်များတယ်။

1. Digestive Myths အစားအစာမှာ အထင်မှားနေတာတွေ http://doctortintswe.blogspot.com/2015/12/digestive-myths.html
2. HIV-AIDS Myths and Facts (အိတ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ်) အထင်မှား နဲ့ အမှန်တရား https://doctortintswe.blogspot.com/2017/06/myths-and-facts-hivaids.html
3. Miscarriage Prevention ကိုယ်ဝန်မပျက်အောင် https://doctortintswe.blogspot.com/2014/12/miscarriage-prevention.html
4. Miscarriage ကိုယ်ဝန်ပျက်ခြင်းတမျိုး https://doctortintswe.blogspot.com/2014/12/miscarriage.html
5. Missed abortion ကိုယ်ဝန်ပျက်ခြင်းတမျိုး https://doctortintswe.blogspot.com/2016/01/missed-abortion.html
6. Mother’s words of wisdom အမေ့စကား https://doctortintswe.blogspot.com/2017/05/mothers-words-of-wisdom.html
7. Myths about menstrual cycle ရာသီလာခြင်း အရိုးစွဲအယူအဆများ https://doctortintswe.blogspot.com/2014/11/myths-about-menstrual-cycle.html
8. Myths of Pregnancy and Postpartum မီးတွင်းကျန်းမာရေး အယူအဆအမှားများ https://doctortintswe.blogspot.com/2017/06/myths-of-pregnancy-and-postpartum.html
9. Old wives' tale မိန်းမကြီးများပုံပြင် https://doctortintswe.blogspot.com/2016/10/old-wives-tale.html
10. Papaya During Pregnancy သင်္ဘောသီးနဲ့ ကိုယ်ဝန် မေးခွန်း https://doctortintswe.blogspot.com/2017/06/blog-post_88.html
11. The Salt Myth ချိုချင်ပါလျက် ဆားတပွင့်ကဖျက် https://doctortintswe.blogspot.com/2016/06/the-salt-myth.html

ဒေါက်တာတင့်ဆွေ
၁၄-၆-၂ဝ၁၇
၂-၁-၂ဝ၁၇
၂၂-၈-၂ဝ၁၇
၆-၁-၂ဝ၁၈



Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Menoral ဟော်မုန်းဆေးတမျိုး