Abortion Complications ကိုယ်ဝန်ဖျက်ခြင်း နောက်ဆက်တွဲများ

(ကန်တော့ပါ)

၁။ ဆရာရှင့် ရိုသေစွာဖြင့် မေးခွန်းတခုမေးချင်ပါတယ်။ သမီးလွန်ခဲ့တဲ့ ၈နှစ်လောက်က တားဆေးအနေနဲ့ ezy 2 ကို အကြိမ်များစွာ သောက်ခဲ့မိပါတယ်။ တလ၂ခါလောက်ပဲဆိုပြီး အလွယ်သုံးမိတာပါ။ ၄နှစ်နီးပါးလောက်သောက်ခဲ့မိပါတယ်။ နည်းနည်းကြာလာတော့ သတိထားမိတာ ရင်သားသေးလာပါတယ်။ အဲတာနဲ့ ဆေးဆက်မသောက်တော့ပဲ ဒုတိယ ကိုယ်ဝန်ကို ယူပါတယ်ရှင့်။ သားမွေးတဲ့အခါ ရင်သားသေးပေမယ့် မိခင်နို့ကိုပဲသေချာတိုက်ကျွေးခဲ့ပါတယ်။ ၁နှစ်ခွဲမှာ သားငယ်ကို နို့ဖြတ်ခဲ့ပါတယ်။ နို့ဖြတ်တဲ့အချိန်ကစလို့ ရင်သားတဖြည်းဖြည်းသေးသေးလာတာ အတော်ကို မတင့်မတယ် အနေထားရောက်လာပါတယ်ဆရာ။ ၃၈နှစ်အရွယ်အိမ်ထောင်သည်ဖြစ်တဲ့အတွက် ရင်သား အနေတော် အရွယ်စား ဖြစ်ချင်မိသလို ဟော်မုန်းတွေချို့တဲ့ပြီး အခြားသော အမျိုးသမီးရောဂါတွေကိုလဲ စိုးရိမ်မိပါတယ်။ သားဖွားမီးယပ်မှာ ရင်သားသေးတဲ့အကြောင်းပြောပြပေမယ့် အကြောင်းရင်းကိုစိတ်ဝင်တစားနားမထောင်တဲ့အတွက် ဆက်ပြဖို့ရန် အားမရှိဖြစ်ရပါတယ်။ ကြင်နာသောအားဖြင့် လိုအပ်ချက်နှင့်ကုသရန်နည်းလမ်းရှိပါက အဝေးမှ လမ်းညွှန်ပေးပါရှင့်။

အရေးပေါ်ကို ပဲလှော်လို သုံးနေကြတယ်လို့ ပေါ့မိတယ်။ ဆောရီး။ ဘယ်လို ဘေးထွက်သက်ရောက်မှုတွေရှိသလဲ မကြာခဏဖြေရတယ်။ သူများတိုင်းပြည်တွေမှာ မြန်မာပြည်လောက် လက်လွတ်စပယ် မသုံးစွဲကြလို့ ဆေးသုတေသန မများပါ။ ကျွန်တော်ကတော့ မေးခွန်းတွေဖတ်ပြီး လေ့လာမှုသုတေသနလုပ်ပါတယ်။ ကောက်ချက်ချလို့ မရသေးပါ။

သေချာတာကတော့ ဘယ်လိုတားဆေးသောသောက် ဟော်မုန်းတွေပြောင်းမယ်။ ရာသီပြောင်းမယ်။ အကြောင်းရှိတဲ့အခါ ရက်တွက်ချက်ရတာ ခက်မယ်။ နောင်တချိန်မှာဘာဖြစ် မပြောနိုင်။ ဘယ်လောက်များများသောက်ရင်ဘာဖြစ် မပြောနိုင်။ အမျိုးသမီးတွေမှာ ကိုယ်ပိုင်ဟော်မုန်းရှိနေတာက မတူကြလို့ နောက်ထပ်ဟော်မုန်းပါဆေးသောက်ရင် ပြောင်းလဲမှာတွေ မတူနိုင်ပါ။ ဝက်ခြံ၊ ရင်သားအရွယ်အစား၊ အသားအရေ၊ ကိုယ်အလေးချိန် ပြောင်းလဲတာ မတူကြပါ။

အင်တာနက်စည်းကမ်းကြောင့် မေးခွန်းမေးတဲ့သူဆီကို စာအကုန်နဲ့ လင့်တွေပို့မရပါ။  ရသလောက် ရင်သားပြုပြင်နည်းတွေတော့ ပို့လိုက်ပါတယ်။

၂။ အသက်  ၂၈နှစ်။ မ။ ကိုယ်ဝန်ဖျက်ဆေးသောက်သုံးပြီးနောက် ဖြစ်လာသော အကျိုးဆက်များကို ဖြေကြားပေးပါရှင့်။ ကျွန်မကိုယ်ဝန်ပျက်သွားပြီး ငါးရက်ရှိသွားပါပြီ။ သွေးဆင်းပါတယ်။ ဒါပေမယ့် ခါးနဲ့ဆီးစပ်ကိုက်တာ နှစ်ရက်ရှိပါပြီ။ Dofenal သောက်ရင်သက်သာလို့ သောက်ပါတယ်ဆရာ။ ဘာဖြစ်တာလဲသိချင်လို့ပါဆရာ။ အန္တရာယ်ရှိလားမသိဘူးရှင့်။ ကိုယ်ဝန်ပျက်သွေးဆင်းပြီးခါနီး ခေါင်းလျှော်လို့ရလားမသိဘူးရှင့်။ ကျေးဇူးပြုပြီး ကျွန်မရဲ့မေးခွန်းများကိုပြန်လည်ဖြေကြားပေးပါရန် မေတ္တာရပ်ခံပါတယ်ရှင့်။

ကိုယ်ဝန်ဆောင်တာနဲ့ ကလေးဖွါးတာဟာ အသက်ဖက်နဲ့ ထုပ်ထားရသလိုအန္တရာယ်ကြီးလှတယ်။ ဒီလို မျိုးပွါးကျန်းမာရေး ကိစ္စတွေနဲ့ သေဆုံးကြရတဲ့ ထိပ်ဆုံးအကြောင်းရင်းတွေထဲမှာ သားပျက်ရာ ပိုးဝင်တာလဲပါတယ်။ လူတွေအများဆုံး နေကြပြီး၊ ဆင်းရဲမွဲတေမှုအများဆုံးရှိတဲ့ နေရာဒေသတွေမှာ ပိုများတယ်။ ဒီအထဲမှာ တရားမဝင်ကိုယ်ဝန်ဖျက်ရာကနေ ဖြစ်ကြရတာက တကမ္ဘာလုံးမှာ တနှစ်ကို အမျိုးသမီးပေါင်း ၆၈ဝဝဝ ယောက်ရှိတယ်။ ဆောရီး။

ကိုယ်ဝန်ဖျက်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးများမေးခွန်းလဲ အခုတလော ဖြေနေရပါတယ်။ ဆေး (၃) မျိုးသုံးတယ်။ တချို့က တမျိုးတည်း၊ တချို့က ၂ မျိုးတည်းသာသုံးတယ်။

(၁) Cytotec ရဲ့ ဘေးထွက်ဆိုးကျိုးများ = အန်၊ လေတက်၊ ဝမ်းချုပ်၊ ခေါင်းကိုက်၊ ရာသီလာစဉ်နာခြင်း၊ ရာသီမမှန်ခြင်း

(၂) Mifepristone ဆေးရဲ့ ဘေးထွက်ဆိုးကျိုးများ = ပျို့၊ အန်၊ ဝမ်းပျက်၊ အားနည်း၊ ခေါင်းမူး။ ဒီလိုဖြစ်နေတာက ၂၄ နာရီကျော်အထိကြာရင် ဆရာဝန်ပြပါ။ သွေးဆင်းမယ် (ကိုယ်ဝန်အရင့်အနုအပေါ်မူတည်မယ်)၊ ကြွက်တက်သလိုနာမယ်။ ဗိုက်နာမယ်။ တချို့မှာ ဖျားမယ်။

(၃) Methotrexate ဆေးရဲ့ ဘေးထွက်ဆိုးကျိုးများ = အန်၊ အစာမကျေ၊ ခေါင်းကိုက်၊ ခေါင်းမူး၊ မောပန်း၊ မျက်စိကြည့်မကောင်း။ အရေအတွက်နည်းသူတွေမှာ အလာဂျီရတာနဲ့ ဆိုးဝါးတာတွေဖြစ်နိုင်။

နောက်တွဲဖြစ်နိုင်တာတွေကတော့ E. Coli, Klebsiella, Proteous, Bacteroids ဆိုးတဲ့ပိုးတွေကနေထွက်တဲ့ အဆိပ်အတောက်ကြောင့် Septic Shock ရှော့ခ်ဖြစ်နိုင်တယ်။ အရေးပေါ်ဆေးကုသမှုလုပ်ရမယ်။ Septic abortion ဆိုတာ ကိုယ်ဝန် ပျက်ရင်း-ဖျက်ရင်း ပိုးဝင်လာတာကို ခေါ်တာ။ ပိုးက နည်းအမျိုးမျိုးနဲ့ ဝင်နိုင်တယ်။ ဝင်သွားလို့ သားအိမ် အတွင်းဆုံးအလွှာရောင်ရင် Endometritis ဖြစ်မယ်။ သေသေချာချာဆေးမကုရင် ပိုးကဆက်ပျံ့နှံ့လိမ့်မယ်။ နောက်ဆုံး ဗိုက်ကိုအထဲမှာ ဖုံးထားပေးနေတဲ့အလွှာကို ရောင်စေတဲ့ Peritonitis ဖြစ်တာဟာ အရေးပေါ်ရောဂါတခုပါ။ အများဆုံး ဖြစ်မှာတော့ PID ခေါ် တင်ပါးဆုံတွင်းအင်္ဂါတွေရောင်တာဖြစ်ပါတယ်။ အဲလိုဖြစ်ရင် နောင်မှာ ကလေးမရတာ ဖြစ်စေနိုင်တယ်။

ကိုယ်ဝန်ပျက်ရာပိုးဝင်သူတွေ ရာသီထိန်မယ်၊ ဖျားမယ်၊ ချမ်းမယ်၊ ဗိုက်နာမယ်၊ မွေးလမ်းကနေ သွေးဆင်းမယ်၊ ဆင်းတာက အနံ့ရှိမယ်၊ ခါးကိုက်မယ်၊ သွေးဖိအားကျနေမယ်၊ ကိုယ်မပူဘဲ အေးနေတာလဲရှိတတ်တယ်၊ ဆီးအောင့်တာ ဖြစ်ဖြစ် ဆီးနဲတာဖြစ်ဖြစ် ရှိမယ်၊ အသက်ရှူတာခက်မယ်၊ လိင်ကတဆင့်ကူးစက်ရောဂါလက္ခဏာတွေနဲ့ တွဲနေတတ်တယ်၊ ကိုယ်လဲပူ၊ ဗိုက်လဲ အတင်းနာလို့ အူအတက်ရောင်တာနဲ့ မှားတတ်တယ်။ ပုံမှန်ကိုယ်ဝန် ဆိုတာလဲ မမေ့ရဘူး။ ဆီးလမ်း ပိုးဝင်တာတွေနဲ့ ဆင်တူတာကို ခွဲခြားရမယ်။ သွေးဆင်း ပုံမမှန်တာ၊ ရှော့ခ်ရတာ နဲ့ သွေးထဲ ပိုးဝင်တာတွေနဲ့လဲ ဆင်တူတတ်တယ်။ ရာသီလာချိန် နာတာ၊ ထိခိုက်မိတာ။ ဒါတွေအပြင် မျိုးဥအိမ် အလုံး၊ မွေးလမ်းကြောင်းရောင်၊ မျိုးဥအိမ် လိမ်နေတာ၊ တင်ပါးဆုံတွင်းအင်္ဂါတွေရောင်၊ ရိုးရိုးကိုယ်ဝန်၊ သားအိမ်ပြင်ပကိုယ်ဝန်တည်တာ၊ တခြား ရှားပါးတာတွေလဲ ရှိသေးတယ်။

ဘာလို့ဖြစ်ရသလဲ
သားပျက်လို့ ထွက်ရမဲ့အရာတွေက သားအိမ်ထဲမှာ ကျန်နေရာကနေလဲ ဖြစ်တယ်။ ဖျက်ဘို့သုံးတဲ့ ပစ္စည်းတွေနဲ့ နည်းတွေကြောင့်လဲ ဖြစ်တယ်။ မွေးလမ်းကြောင်းထဲမှာ အမြဲလိုလို ရှိနေကြတဲ့ ဗက်တီးရီးယားတွေက အထက်ကို တက်လာရာကနေ ဝင်နိုင်သလို လိင်ကတဆင့် ကူးစက်ရောဂါပိုးတွေကြောင့်လဲ ဖြစ်တယ်။ ပိုးအမျိုးအစားတွေကတော့ E coli, B beta-hemolytic Streptococci, Staphylococcal, Bacteroides, Neisseria gonorrhoeae, Chlamydia trachomatis, Clostridium perfringens, Mycoplasma hominis နဲ့ Haemophilus influenza တွေ ဖြစ်တယ်။

ဘာတွေလုပ်ရမလဲ
အာလ်ထွာဆောင်း၊ hCG ကိုယ်ဝန် ဆီးစစ်တာ လုပ်မယ်။ ပိုးဝင်နေရင် တခါတည်း D and C သားအိမ်မခြစ်သေးဘဲ နေရသေးတယ်။ ဒါမှမဟုတ် Oxytocin ဆေးသွင်းတာနဲ့ ကျစေရမယ်။ လိုအပ်ရင် Dextrose Water, Dextrose Saline, Ringer’s Lactate, Normal Saline ဆေးသွင်းပေး၊ အောက်စီဂျင်လဲ လိုခြင်လိုမယ်။ ဆေးရုံရောက်တာနဲ့ ဆေးစစ်-သွေးစစ်တာတွေ လုပ်မယ်။ နာနေတာ၊ ဖျားနေတာတွေ အတွက် Antibiotics ဆေးတွေ ပေးမယ်။ မေ့ဆေးအတွက် ပြင်ဆင်မယ်။ သွေးသွင်းဘို့ လိုနိုင်တယ်။ သားအိမ်က အလုပ်မလုပ်ရင် Oxytocin ဆေးသွင်းပေးမယ်။ ဒါမှမဟုတ် Intracervical vasopressin or Carboprost tromethamine ဆေးကို သားအိမ်အဝထဲထည့်ပေးမယ်။ D and C သားအိမ်ခြစ်တာ လုပ်ရနိုင်တယ်။ ခြစ်ပြီးနောက်မှာလိုလို့ ထပ်လုပ်ရတာလဲ ရှိတယ်။ မရတဲ့အဆုံး သားအိမ် ထုတ်ရသူလဲ ရှိနိုင်သေးတယ်။

ကိုယ်ဝန် ပျက်ရင်း-ဖျက်ရင်း ပိုးဝင်လာတာကို အရေးပေါ်မီးယပ်ရောဂါလို့ သတ်မှတ်တယ်။ ပိုးအမျိုးတွေကများလို့ အသုံးပြုတဲ့ ပဋိဇီဝဆေးတွေကလဲ များလှတယ်။ Antibiotics Tripple Regime ပိုးသေဆေး (၃) မျိုး တွဲပေးရတယ်။ (၁) Ampicillin 1-2G တနေ့ ၄ ကြိမ်၊ ၂၄-၄၈ နာရီ။ (၂) Metronidazole 500 mg တနေ့ ၃ ကြိမ်၊ ၂၄-၄၈ နာရီ။ (၃) Gentamycin 80 mg တနေ့ ၃ ကြိမ်၊ ၅ ရက်။ (၄) တခြားပိုးသေဆေးတွေကတော့ Cephalosporins IV Cefuroxime 750-1500 mg တနေ့ ၃-၄ ကြိမ်၊ ၂၄-၇၂ နာရီ။ Ofloxacin, Ciprofloxacin 400 mg တနေ့ ၁ ကြိမ်။

ပိုးသေဆေးပေးပြီး သားအိမ်ခြစ်ခြင်း၊ မေ့ဆေးနဲ့လုပ်မယ်။ သားအိမ်ပေါက်မသွားအောင် အထူးသတိထားပါ။ နာတာ သက်သာအောင် IM Pethadine 100 mg ၄-၆ နာရီတခါထိုးပေးပါ။ Promethazine 25 mg ၈-၁၂ နာရီတခါ၊ ၂၄-၄၈ နာရီအထိ တွဲထိုးပါ။ ATT 0.5 mg + Human Immuno Tetanus Globulin 250-500 IU မေးခိုင်ကာကွယ်ဆေး (၂) မျိုးထိုးပေးပါ။

မြန်မာပြည်မှာ ကိုယ်ဝန်ကို တမင်တကာဖျက်တာ တရားဥပဒေက ခွင့်မပြုပါ။ လုပ်ပေးသူမှာလဲ အပြစ်ရှိတယ်။ တရားဝင် ဆေးရုံ-ဆေးခန်းတွေမှာ လုပ်တာရပေမဲ့လဲ ကိုယ်ဝန်ဖျက်ခြင်းမှာ နောက်ဆက်တွဲတွေ မကင်းပါ။ ရောဂါနောက်ဆက်တွဲ + မေ့ဆေးနောက်ဆက်တွဲ + ဆေးဝါးနောက်ဆက်တွဲ + ခွဲစိတ်မှုနောက်ဆက်တွဲ။ တချို့မှာ သားအိမ်ပေါက်ထွက်သွားတာ တွေ့ရတတ်တယ်။ အူထိခိုက်ထားတာ၊ ဆီးအိမ်ထိခိုက်တာတွေလဲ ဖြစ်နိုင်တယ်။ ပိုးကသွေးထဲရောက်သွားတာလဲ ဆိုးတယ်။ ပျက်တာ၊ ဖျက်တာ အကုန်ဆင်းတဲ့သူတွေက သားအိမ်ခြစ်ဘို့မလိုပါ။ ဆရာဝန်ကလုပ်ပေးလို့ကတော့ စိုးရိမ်စရာမရှိပါ။ နောင်အတွက် စနစ်တကျကာကွယ်မှုယူဘို့ မမေ့ပါနဲ့။

ဆေးပညာစာကို စုံစေ့အောင်ရေးရလို့ ဖြဲခြောက်တယ်တော့ မထင်စေလိုပါ။ ခုခေတ်မှာ အရေးပေါ်တားဆေးနဲ့ ဖျက်ဆေးကို လက်လှမ်းမီသူတွေများလာတယ်။ သုံးစွဲသူတွေလည်းများတယ်လို့ မေးခွန်းတွေအရ သိရတယ်။ အပေါ်မှာ ရေးသလို နောက်ဆက်တွဲတွေမဖြစ်ဦးတော့ ပြောင်းလဲသွားမှာတွေကို သိထားစေချင်တယ်။ အပျို မဟုတ်တော့ပါ။ လူမှုရေးအရ သူများမသိလည်း ကိုယ်တိုင်သိပါ။ အစစအရာရာ ရာသက်ပန်ပြောင်းသွားပြီ။ ရုပ်အင်္ဂါတွေ ပြောင်းသွားပြီ။ ဟော်မုန်းတွေ ပြောင်းသွားပြီ။ စိတ်ပိုင်းလည်း ပြောင်းသွားပြီ။ တကြိမ်ဖျက် တကြိမ်တိုးပြောင်းကြမယ်။

ရေချိုး ခေါင်းလျှော်ခြင်းဟာ နေ့စဉ် မျက်နှာသစ် သွားတိုက်ကြရသလို ကလေး-လူကြီး၊ ယောက်ျား-မိန်းမ လုပ်ကြရတဲ့ တကိုယ်ရေသန့်ရှင်းရေးသာဖြစ်ပါတယ်။ ကိုယ်ဝန်ရှိလို့၊ ကလေးဖွါးလို့၊ ကိုယ်ဝန်ပျက်လို့ ထူးရှောင်စရာ မရှိပါ။

ဒေါက်တာတင့်ဆွေ
၆-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ