Menoral ကိုယ်ဝန်တားဆေးတမျိုး

၁။ မင်္ဂလာပါဆရာ Menoral (Norethisterone Tablet Bp) ဆိုတဲ့ဆေးကို တားဆေးအဖြစ်သုံးလို့ ရပါလားရှင့်။ အဲ့ဒီဆေး အကြောင်းလေး ဆရာအချိန်ရရင် ရှင်းပြစေလိုပါတယ်။

မေးနည်းစည်းကမ်းပို့လိုက်။

အသက် ၂၂ အမျိုးသမီးပါ အိမ်ထောင်မရှိ။ ရာသီခဏခဏလာလို့ OG ဆီသွားပြပါတယ်။ menoral နာမည်နဲ့ဆေးကို တစ်နေ့သုံးလုံးတိုက်ပါတယ်။ (၁) ထိုဆေးကို တားဆေးအဖြစ်သုံးနိုင်ပါသလား။ (၂) ထိုဆေးနှင့်အတူ အရေးပေါ်တားဆေး ecc2 အားသောက်နိုင်ပါသလား။

ကိုယ်ဝန်မရအောင်သုံးတဲ့ Depo Provera ထိုးဆေးကို လူအတော်များများသိကြတယ်။ Noristerat ထိုးဆေးကလည်း ကိုယ်ဝန်တား ထိုးဆေးတမျိုးဖြစ်တယ်။ Norethisterone enantate ဆေးပါတယ်။ သဘာဝအတိုင်း ကိုယ်ခန္ဓာကနေ ထုတ်ပေးပြီး၊ အမျိုးသမီးဟော်မုန်းလို့ လူသိများတဲ့ Progesterone ဟော်မုန်းကို ဓါတ်ခွဲခန်းမှာ လုပ်ထားတာဖြစ်တယ်။ တင်ပါး-ကြွက်သားထဲမှာ ထိုးရတဲ့ အသားဆေးဖြစ်တယ်။ ၈ ပါတ် (၂ လ) အထိ သွေးထဲမှာ ဆေးရှိနေမယ်။

ကိုယ်ဝန်မရစေအောင်လုပ်ပေးတယ်။ ယောက်ျားကို အကြောဖြတ်ထားချိန်မျိုးမှာ သူ့အမျိုးသမီးကို ဒီဆေးထိုးပေးတာ ကောင်းတယ်။ နောက်ပြီး ကိုယ်ဝန်ကို ဆိုးဆိုးဝါးဝါး ထိခိုက်စေတဲ့ ရူဘဲလားရောဂါ ထနေချိန်မှာလဲ ကိုယ်ဝန်မရစေအောင် ယာယီ ကိုယ်ဝန်တားဘို့အတွက် သုံးနိုင်တယ်။ ဒီလိုရောဂါကလဲ ၂ လထက် မပိုတတ်ဘူး။ ကလေးနို့တိုက်နေသူတွေလဲ ဒီဆေးထိုးနိုင်တယ်။

အကောင်းဆုံးထိုးသင့်တဲ့အချိန်ကတော့ ရာသီလာရက် ပဌမ ၅ ရက်အတွင်း ထိုးရတယ်။ သွေးစဆင်းတဲ့ရက်ကို ပဌမဆုံးရက်လို့ သတ်မှတ်ပါ။ အဲလိုထိုးရင် ချက်ချင်း သက်ရောက်တာမို့ တခြားဘယ်နည်းကိုမှ အပိုလုပ်နေစရာ မလိုတော့ဘူး။ ကိုယ်ဝန်ရှိမနေတာ သေခြာရင်တော့ ဘယ်ရက်ထိုးထိုး ရပါတယ်။ ဒါပေမဲ့ ဆေးထိုးပြီး ၇ ရက်လုံးလုံး အတူနေမယ်ဆိုရင်တော့ အကာအကွယ်တခုခု လုပ်ရပါမယ်။ ဥပမာ ကွန်ဒွမ်။

ကလေးမီးဖွါးပြီး ချက်ချင်းထိုးလို့ ရတယ်။ တကယ်လို့ ကလေးမှာ အသားဝါဖြစ်နေပြီး ကလေးနို့တိုက်နေရင်တော့ မထိုးပါနဲ့အုံး။ ၂၄ ပါတ် (၆ လ) အောက်ကိုယ်ဝန်က ပျက်ကျတယ်ဆိုရင် ကိုယ်ဝန်ပျက်အပြီး၊ ချက်ချင်းထိုးနိုင်တယ်။ ကိုယ်ဝန်ပျက်ကျပြီးနောက် ၇ ရက်ကြာနေမှ ဒီဆေးထိုးတယ်ဆိုရင် ဆေးထိုးပြီး ၇ ရက်တွက် အကာအကွယ် နောက်တမျိုးလိုပါမယ်။ ဥပမာ ကွန်ဒွမ်။

ကိုယ်ဝန်ရှိနေရင် မထိုးရဘူး။ ဒီဆေး ပဌမတကြိမ်ထိုးပြီး ရာသီမလာသူက ကိုယ်ဝန်ရှိ-မရှိ စစ်ပြီး မရှိမှသာ ဒုတိယအကြိမ် ထိုးရမယ်။ လိင်ကတဆင့်ကူးစက်ရောဂါတွေကို မကာကွယ်ပါ။ မသေခြာတဲ့အဖေါ်နဲ့ဆိုရင် ကွန်ဒွမ်သုံးရပါမယ်။ ဆေးကြောင့် အသဲထိခိုက်တာဆိုရင် အသား-ဆီး ဝါမယ်၊ ပျို့-အန်ချင်မယ်၊ အစားပျက်မယ်၊ အားယုတ်မယ်၊ ဗိုက်အောင့်မယ်။ ဆေးတကြိမ်ထိုးတဲ့နောက်မှာ အသည်းထိခိုက်တာဖြစ်ရင် နောက်ထပ်မထိုးနဲ့။ ဆေးတကြိမ် ထိုးတဲ့နောက်မှာ ခေါင်းခဏခဏ ကိုက်တာ-မူးတာ၊ စိတ်ဓါတ်ကျတာ၊ သွေးတိုးတာ၊ သွေးခဲကြောင့် ဖြစ်တာတွေ (ဥပမာ ခြေ-လက်တွေ ရောင်တာ၊ အသက်ရှူမဝတာ၊ အသက်ရှူရင် နာတာ၊ ချောင်းဆိုး၊ ရင်ပတ်တင်းကြပ်ပြီးနာတာ၊ ကိုယ်တခြမ်း လေဖြတ်သလိုနေတာ၊ မူးမေ့သလိုခံစားရတာ၊ မျက်စိကြည့်မကောင်း ဖြစ်လာတာ၊ နားအကြား၊ စကားပြော၊ အနံ့ခံ၊ အရသာ ပျက်တာတွေ) ဖြစ်ရင် နောက်ထပ်မထိုးနဲ့။

ဆေးမထိုးသင့်သူတွေ = ကိုယ်ဝန် ရှိတယ်လို့ သံသယရှိသူ၊ တကယ်ရှိနေသူ၊ မွေးလမ်းကသွေးဆင်းတာရဲ့ အကြောင်းတရား မသေခြာသူ၊ ရင်သားကင်ဆာဖြစ်နေသူ၊ ဖြစ်ထားသူ၊ မွေးရာပါ သွေးရောဂါရှိနေသူ။

သတိနဲ့ ဆေးထိုးနိုင်သူတွေ = အိပ်ရာထဲမှာ အကြာကြီးနေရသူ၊ ဥပမာ ခွဲစိတ်ထားသူ၊ သွေးပြန်ကြောပိတ်ရောဂါရှိသူ၊ အဆုပ်သွေးကြောပိတ်ရောဂါ ရှိနေသူ၊ SLE ရောဂါရှိနေသူ၊ သားအိမ်ဝကင်ဆာ ရှိနေသူ၊ အသဲ-ကင်ဆာ ရှိနေသူ၊ ဆိုးဝါးတဲ့ အသဲခြောက်ရောဂါ ရှိနေသူ၊ သည်းခြေအိတ်ရောဂါရှိနေသူ၊ ကိုယ်ဝန်တားဆေးတခုခုကြောင့် အသားဝါ ဖြစ်ဘူးသူ၊ Stroke (စထုပ်ခ်)၊ Angina (အင်ဂျိုင်နာ)၊ Heart attack နှလုံးရောဂါ တခုခုဖြစ်ဘူးသူ၊ နှလုံးရောဂါကို ဖြစ်စေ-ဆိုးစေတတ်တဲ့ အခြေအနေတွေ ဆေးလိပ်သောက်သူ၊ ကိုလက်စထောများ၊ သွေးတိုး၊ ဆီးချို ရှိနေသူတွေ၊ မိုင်ဂရင်းရောဂါရှိနေသူ။

ဘေးထွက်ဆိုးကျိုးတွေ = ရာသီလာ မမှန်ဖြစ်မယ်။ ကြားရက်မှာ နည်းနည်းလေးသွေးစွန်းမယ်၊ အများကြီးဆင်းမယ်၊ ရက်ရှည်ဆင်းမယ်၊ လုံးဝမလာဘဲနေမယ်။ နဂိုကတည်းက သွေးအားနည်းနေသူတွေက သတိထားရမယ်။ ရင်ပြည့်၊ ရင်သားတင်း-နာ၊ ခေါင်းကိုက်၊ ခေါင်းမူး၊ ပျို့၊ စိတ်ဓါတ်ကျ၊ ဆေးထိုးတဲ့နေရာ နာ၊ ကိုယ်အလေးချိန် တက်တာတွေ ဖြစ်တယ်။ Selegiline, Tacrolimus နဲ့ Tizanidine ဆေးတွေကို အတူပေးရင် ဘေးထွက်ဆိုးကျိုး ပိုများစေနိုင်တယ်။ Noriday နဲ့ Micronor တားဆေး-စားဆေးတွေမှာ Norethisterone ပါနေတယ်။ ဟော်မုန်းအစားထိုးဆေးဖြစ်တဲ့ Micronor HRT ဆေးမှာလဲ Norethisterone ပါနေတယ်။ ရာသီ မမှန်တာအတွက်သုံးတဲ့ Primolut N နဲ့ Utovlan စားဆေးတွေမှာလဲ Norethisterone ပါနေတယ်။ အရေးပေါ်တားဆေး Ulipristal (Ellaone) နဲ့ ဆီးချိုဆေးတွေကို ဒီထိုးဆေးနဲ့ အတူတူပေးရင် ဆေးအစွမ်း နည်းစေနိုင်တယ်။

Menoral (Norethisterone) 5mg Tablets စားဆေး
Progesterone ပရိုဂျက်စတီရုန်းဟော်မုန်းဆေးဖြစ်တယ်။ ရာသီမမှန်သူ၊ ရာသီလာစဉ်နာသူ၊ ရာသီများသူ၊ အင်ဒိုမီထရီယိုးဆစ်ရောဂါရှိသူတွေကို ပေးတယ်။ ဆေးအဆများတာဆိုရင် ရင်သားကင်ဆာတချို့ကိုပေးတယ်။

ရာသီများသူကို 5 mg တနေ့ ၃ ကြိမ်၊ ၁ဝ ရက်။ နောက်မှာ ၁၉-၂၆ ရက်တွေ 5 mg တနေ့ ၂ ကြိမ်။ ရာသီမလာစေအာင် ရာသီလာရမယ့်ရက်ထက် ၃ ရက်စောပြီး 5 mg တနေ့ ၃ ကြိမ်၊ ၃ ရက်။ ရင်သားကင်ဆာအတွက် 40 mg နေ့စဉ်ကနေ 60 mg အထိတိုးပေးတယ်။

- DUB အခါမဟုတ် ရာသီဆင်းခြင်း http://doctortintswe.blogspot.com/2014/11/dub.html
- Noristerat ကိုယ်ဝန်တား ထိုးဆေး တမျိုး  http://doctortintswe.blogspot.com/2014/11/noristerat.html
- Primolut N အမျိုးသမီးသုံးဆေး http://doctortintswe.blogspot.com/2015/01/primolut-n.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး