Ovaltine အိုဗာတင်း

ဆရာရှင့် ဟိုတလောက ဖေ့စ်ဘုတ်မှာ ဖတ်လိုက်ရတာတခုက ၂ နှစ်အောက်ကလေးတွေကို overtine မတိုက်ရဘူးလို့ ဖတ်ရပါတယ်။ ကျမသားလေးက ၂နှစ်မပြည့်သေးပါဘူး။ အိုဗာတင်း အရမ်းကြိုက်ပါတယ်။ တိုက်လို့ရပါလားရှင့်။ ကျေးဇူးပြု၍ဖြေပေးပါ။ ဆရာကျန်းမာပါစေ။

ဖေ့စ်ဘွတ်ဆိုတာ ဘာလဲ။ ပြောစရာမလိုပါ။ ဖုန်းတလုံးနဲ့ အကောင့်တခုရှိသူတိုင်းဟာ ဖေ့စ်ဘွတ်ပါ။ သူတို့ကပဲ ရေးနေကြတာ။

ကျွန်တော်က စာရေးတာတိုင်းကို ဂရုစိုက်တာသိကြပါမယ်။ အင်္ဂလိပ်စာလုံးပေါင်းကို သတိထားဖတ်စေချင်ပါတယ်။

Ovaltine အိုဗာတင်းဆိုတာ လူတွေသုံးစွဲမှုများတဲ့ အရက်မဟုတ်တဲ့ သောက်စရာတွေထဲက တခုပါ။ ပေါ်နေတာလည်း အတော်ကြာခဲ့ပြီ။ အိုဗာတင်းဟာ နွားနို့အခြခံသောက်စရာတမျိုးဖြစ်တယ်။ မော့ ခေါ် ဂျုံစပါးတမျိုးနဲ့ လုပ်ထားတယ်။ မော့ဝီစကီလိုမျိုးအမည်တူတယ်။ ဒီဟာကတော့ အရက်မပါပါ။ ဝှေး ခေါ်အဆံလည်းပါတယ်။ တချို့ထဲမှာ ကိုကိုးလည်း ပါတယ်။

ဆွစ်ဇာလန်မှာ စထုတ်ခဲ့တာဖြစ်ပါတယ်။ Ovomaltine လို့လည်းခေါ်ပါတယ်။ ဗြိတိန်ကို ၁၉ဝ၉ မှာတင်ပို့တယ်။ ထုတ်ကာစမှာ ကြက်ဥပါသေးတယ်။ နောက်တော့ ဖေါ်မြူလာပြောင်းလာတယ်။ ချောကလက်ပါတာရှိတယ်။

Overtime အိုဗာတိုင်းဆိုတာက အမေရိကမှာ ၂ဝဝ၈ မှပေါ်တာပါ။ ထုတ်လုပ်တဲ့ကုမဏီအဆိုအရ အင်နာဂျီဖြည့်ပေးတာ ဖြစ်တယ်။ ပိုတက်ဆီယမ်ဓါတ်ဆားလည်းပါတယ်။ ကြွက်သားအားနည်းတာအတွက် ကောင်းတယ်။ ကြွက်တက်တာကို အထောက်အကူပြုကောင်းပြုနိုင်တယ်။ သွေးတိုးသမားတွေနဲ့ မတည့်တဲ့ ဆိုဒီယမ်ပါတာလည်း နည်းတယ်တဲ့။ ဘယ်လောက်အထိ သောက်နိုင်သလဲမေးရင် ဘယ်အရာမဆိုလွန်ကဲတာမကောင်းဆိုတဲ့ ဥပဒေသ လိုက်နာရပါမယ်။ ဆီးချိုရှိနေသူတောင်မှ သကြားဓါတ်မပါလို့ အသင့်အတင့် သောက်နိုင်တယ်လို့ ဆိုပါတယ်။ Sucralose ဓါတ်နဲ့ ချိုအောင် လုပ်ထားတယ်။

ကလေးငယ်တွေအတွက် သုတေသန ခိုင်မာတာ မရှိပါ။ သတိပေးတားမြစ်ထားတာလည်း မတွေ့သေးပါ။

ဒေါက်တာတင့်ဆွေ
၁-၁-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး