Organ Meats ကြက်မြစ်ကြက်သဲ

မေးခွန်းတော့ ပြန်မရှာအားပါ။ ကိုယ်ဝန်ဆောင်နေသူ ကြက်မြစ်ကြက်သဲ မစားရဘူးဆိုတာ ဟုတ်သလားတဲ့။ ယူရစ်အက်စစ်များခြင်းခေါ် ဂေါက်ရောဂါမရှိရင် စားနိုင်လို့ ခပ်လွယ်လွယ်ဖြေလိုက်တယ်။

ဘယ်အသားမဆို ပရိုတင်းပါတယ်။ တိရစ္ဆာန်တွေကရတဲ့ ပရိုတင်းခေါ်တယ်။ အသီးအနှံတွေကလဲရတာမို့ အသားဓါတ်လို့ ခေါ်ရင် မမှန်ပါ။ အသားတွေထဲမှာ သူ့အစိတ်အပိုင်းနဲ့သူ မတူတာတွေရှိပါတယ်။ သဘာဝအရ မတူတာရော လူတွေကနေ ပြုပြင် စီမံတာတွေကြောင့်ပါ မတူကြပါ။ အလေးချိန် တိုးအောင်ထိုးတဲ့ ဟော်မုန်းဆေး စုဝေးနေတဲ့နေရာ သပ်သပ်ရှိတယ်။ သဘာဝ အသားထဲမှာ အဆီကတမျိုး၊ အသားကတမျိုး၊ အရိုးကတမျိုး အာဟာရ ဖြစ်တာတွေ မတူပါ။ ထူးခြားတဲ့ အင်္ဂါအစိတ်အပိုင်းတွေလဲ ရှိတယ်။ ဥပမာ အမြစ်အသဲ၊ အထီးကောင်တွေရဲ့ ဖိုသတ္တိပါ-အစိ၊ ငါးကြီးဆီ၊ စတာတွေမှာ ထူးခြားတာတွေ ရှိတယ်။

အသဲစားတာ သွေးအားနည်းရောဂါအတွက် အလွန်ကောင်းတယ်လို့ နိုဗယ်ဆုရပညာရှင် ၃ ဦးကနေ ၁၉၃၄ ကတည်းက ပြောခဲ့တာ ဖြစ်ပါတယ်။ အသဲရဲ့အလုပ်က အဆိပ်အတောက်တွေ ရှင်းပေးပေမဲ့ အဆိပ်အတောက်တွေက သူ့ထဲမှာ စုမနေပါဘူး၊ စားတာ ကောင်းတယ်လို့ ပြောကြပါတယ်။

အမဲအသဲ
ပရိုတင်းကြွယ်ဝတယ်။ ၁ဝဝ ဂရမ်ထဲမှာ ၁၃၅-၁၄၂ ကလိုရီရပြီး၊ ကိုလက်စထော ၂၇၅-၃ဝ၉ မီလီဂရမ် ပါနေတာတော့ မကောင်းပါ။ ဗီတာမင် ဘီ များတယ်၊ အေ များတယ်။ ဗီတာမင် အေ များလွန်းတာ ကိုယ်ဝန်အတွက် သိပ်မကောင်းပါ။ စီ နဲနဲပါတယ်။ သွေးအားအတွက်လိုတဲ့ ဘီ ၁၂ အတော်များတယ်။ ဓါတ်ဆားတွေလဲ ပါတယ်။ ဖေါလိတ်၊ ကြေးနီ၊ ဖေါ့စဖိတ်၊ ဆယ်လင်နီယမ်၊ သံဓါတ်၊ သွပ်ဓါတ်၊ မင်ဂနီးစ်တွေပါတယ်။ နဲနဲ ပါတာတွေက ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ ကယ်လ်ဆီယမ်၊ မက်ဂနီဆီယမ်။ ကောင်းတဲ့ အိုမီဂါ-၃အသင့်အတင့်ပါတယ်။ ကိုလင်းလဲ အတော်ပါတယ်။ ကလိုရီနည်းလို့ လူကို မဝစေဘူး။ စားသောက်ဆိုင်တွေရဲ့ မီနူးထဲမှာ Liver pâté, Liver sashimi, Chopped liver, Foie gras, Leberwurst တွေ့ရင် ဒါတွေဟာ အသဲကို အထူးပြုပြင်စီမံထားတဲံ ဟင်းလျာတွေ ဖြစ်တယ်။ ပုံထဲမှာ နွားကလေး-အသဲနဲ့ ကြက်သွန်နီ၊ ပန်းသီး ရောချက်ထားတာပါ။

ကြက်အသဲ
ကလိုရီနည်းတယ်။ ၄၇ ကလိုရီ။ ကိုလက်စထောများတယ်။ ပရိုတင်း၊ ဗီတာမင် အေ၊ စီ၊ ဘီ-၆၊ ဘီ-၁၂၊ သွပ်ဓါတ်၊ သံဓါတ်၊ နိုင်ယာစင်၊ မင်းဂနီးစ်၊ သွပ်ဓါတ်တွေပါတယ်။

ဝက်နှလုံး ၁၂၉ ဂရမ်ကနေ
ကလိုရီ၁၉၁ ရတယ်။ တနေ့တာ လိုအပ်တဲ့ အဆီ ၁ဝ%၊ ကိုလက်စထော၉၅%၊ ဆိုဒီယမ်၂%၊ ဗီတာမင် အေ ၁%၊ စီ ၄%၊ ကယ်လ်ဆီယမ်၁%၊ ဘီ-၁ ၄၈%၊ နိုင်ယာစင် ၂၅%၊ သံဓါတ် ၄၂%၊ ဘီ ၆ ၂၅%၊ ပရိုတင်း၆၁%၊ ဘီ-၂ ၁၂၉%၊ ဘီ-၁၂ ၈၁%၊ ဖေါ့စ်ဖိုးရပ်စ်၂၃%၊ မက်ဂနီးစ်၈%၊ နိုင်ယာစင်၃၉%၊ သွပ်ဓါတ် ၂၇%၊ ဘီ-၆ ၂၅%၊ ဖေါလိတ်၁% တွေရစေတယ်။

အမဲနှလုံး
ဆိုဒီယမ်နည်းတာ၊ သကြားမပါတာ၊ သံဓါတ်များတာ၊ နိုင်ယာစင်များတာ၊ ဖေါ့စ်ဖိုးရပ်စ်များတာ၊ ဆယ်လယ်နီယမ်များတာ၊ ဘီ-၂ များတာ၊ ဘီ-၁၂ များတာ၊ သွပ်ဓါတ် များတာတွေက ကောင်းတဲ့ အချက်တွေဖြစ်တယ်။ ကိုလက်စထောများတာက မကောင်းတာ ဖြစ်တယ်။ ကယ်လိုရီ ၄၂၄၊ အဆီ ၁၉% ထရန့်-ဖက်မပြောပလောက်အောင်သာ ပါတယ်၊ ကိုလက်စထော၁၈၂%၊ ဆိုဒီယမ်၆%၊ သံဓါတ် ၉၁%၊ ကယ်လ်စီယမ်၁% ရမယ်။ ထရန့်-ဖက်ဆိုတာ မကောင်းတဲ့ ဆီအမျိုးအစား ဖြစ်တယ်။

အသဲဟာ အာဟာရအတွက် ကောင်းတယ်။ ဒါပေမဲ့ ကိုလက်စထောပါတယ်။ ကိုလက်စထောက နှလုံးရောဂါအတွက် မကောင်းပါ။ ကြက်အသဲက အမဲအသဲထက် ကလိုရီနည်းပြီး ကိုလက်စထောများတယ်။ အမဲအသဲမှာ ပရိုတင်း ပိုများပြီး အဆီနည်းတယ်။ အမဲအသဲမှာ ဗီတာမင်အေပိုများပြီး၊ ကြက်အသဲမှာ သံဓါတ်နဲ့ ဗီတာမင်စီ ပိုများတယ်။

Dr. တင့်ဆွေ
၇-၇-၂၀၁၇
၇-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး